မိသားစု၏နှိပ်စက်ညှင်းပန်းမှုကြောင့် ထွက်ပြေးလာပြီး သြစတြေးလျ၌ ခိုလှုံလိုသည်ဆိုသည့် ဆော်ဒီအမျိုးသမီးငယ် တစ်ဦးသည် ထိုင်းနိုင်ငံလေဆိပ်ရှိ ဟိုတယ်ခန်းတွင်းမှ ထွက်ခွာရန် ငြင်းဆန်ခဲ့ကာ လူမှုကွန်ရက်ပေါ်တွင် အကူအညီ တောင်းခံခဲ့သည်။
အသက် ၁၈ နှစ်အရွယ် ရာဟာ့ဖ်မိုဟာမက် အာလ်ကွင်န်ဆိုသူ အမျိုးသမီးသည် ဇန်နဝါရီ ၅ ရက်နှောင်းပိုင်းမှစ၍ တွစ်တာပေါ်တွင် ကူဝိတ်မှတစ်ဆင့် သြစတြေးလျသို့သွားရန် ဘန်ကောက်သို့ ရောက်ရှိလာပြီးနောက် လာရောက်တွေ့ဆုံသည့် ဆော်ဒီသံရုံးအရာရှိများက ၄င်း၏နိုင်ငံကူးလက်မှတ်ကို သိမ်းဆည်းသွားကြောင်း၊ ကုလဒုက္ခသည် အေဂျင်စီနှင့် အခြားမည်သူမဆို ၄င်းကို အကူအညီပေးကြစေလိုကြောင်း၊ ဆော်ဒီအာဏာပိုင်များ၏ဖိအားကြောင့် ၄င်း၏မိသားစုထံ အဓမ္မပြန်ပို့ခံရပါက ၄င်းအန္တရာယ်ကျရောက်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ဇန်နဝါရီ ၇ ရက်၌ ၄င်းပြန်ပို့ခံရခြင်း သို့မဟုတ် တွစ်တာအသုံးပြုခွင့်ပိတ်ပင်ခံရပါက ၄င်း၏သူငယ်ချင်းတစ်ဦးက အကောင့်ကို ဆက်လက်သုံးစွဲ၍ ပို့စ်များတင်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ဇန်နဝါရီ ၇ ရက်၌ ကူဝိတ်သို့ထွက်ခွာရန် လေယာဉ်လက်မှတ်ဝယ်ထားသည့် ၄င်းကို ထိုင်းအာဏာပိုင်များက ထိန်းသိမ်းလိုက်ပြီဟု ဘန်ကောက်ပို့စ်သတင်းက ဖော်ပြခဲ့သည်။

















