အောင်ရဲထွေး သေဆုံးခဲ့မှုနှင့်ပတ်သက်၍ ဖမ်းဆီးခံထားရသူ သုံးဦးကို ယနေ့ စွဲချက်အမိန့်ချ

အောင်ရဲထွေး သေဆုံးခဲ့မှုနှင့်ပတ်သက်၍ ဖမ်းဆီးခံထားရသူ သုံးဦးကို ယနေ့ စွဲချက်အမိန့်ချ

ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့မှုနှင့်ပတ်သက်၍ ဖမ်းဆီးခံထားရသူ သုံးဦးကို ရာဇ သတ်ကြီးဥပဒေပုဒ်မ ၃၀၂(၂)အရ စွဲချက်တင်ရန် ယနေ့ ဇန်နဝါရီ ၇ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က The One Entertainment ဝင်း၌ ပြုလုပ်သည့် ပါတီပွဲတွင် ခိုက်ရန်ဖြစ်ပွားခဲ့ရာ ဒဏ်ရာများရရှိသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့ရာမှ သေဆုံးသွားခဲ့သည့် ဟာသသရုပ်ဆောင် ရဲထွေးအောင်(ခ) အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်၍ အမှုရင်ဆိုင်နေရသည့် သန်းထွဋ်အောင် (ခ)သားကြီး ၊ ပြည့်ဖြိုးအောင်(ခ) အောင်လေး တို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၂) အရလည်းကောင်း၊ ကျော်ဇော်ဟန်(ခ) ကျော်ဇော် ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၂)/၁၁၄ အရလည်းကောင်း အသီးသီး စွဲချက်တင်အမိန့်ချခဲ့ခြင်းဖြစ်သည်။ 
ယမန်နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့ ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများက အပြီးသတ်လျှောက်လဲချက် များပေးခဲ့ကြသည်။

ယမန်နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့ ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးရာ၌ အမှုရင်ဆိုင်နေရသူ သုံးဦးမှာ အခင်းဖြစ်နေရာတွင်ရှိနေခဲ့ပြီး ဖိနပ်တွင် သွေးစများ ရှိကြောင်း၊ မိဘများက သက်ဆိုင်ရာသို့ ကိုယ်တိုင်လာရောက်အပ်နှံခဲ့ခြင်းကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(၂) ဖြင့်စွဲချက်တင်ရန် တရားလိုရှေ့နေက လျှောက်ထားခဲ့သည်။ 
စစ်ဆေးပြီးသည့် သက်သေများ၏ထွက်ဆိုချက်များအရ သက်သေအခိုင်အမာ မရှိကြောင်း၊ ဖိနပ်တွင် ပေကျန်သည့် သွေးများမှာလည်း စစ်ဆေးထားခြင်းမရှိခြင်းကြောင့် မည်သူ၏ သွေးဖြစ်နိုင်သည်ကို မသိနိုင်ခြင်းတို့ကြောင့် ၄င်းတို့ နှစ်ဦးကို တရားရှင်လွှတ်ပေးရန် သန်းထွဋ်အောင်နှင့် ပြည့်ဖြိုးအောင်တို့ဘက်မှလိုက်ပါဆောင်ရွက်သည့် ရှေ့နေက လျှောက်ထားခဲ့သည်။ 
သက်သေ ထွက်ဆိုသူများ၏ စစ်ဆေးချက်များတွင် အခင်းဖြစ်စဉ်၌ ကျော်ဇောဟန်နှင့်အတူရှိနေခြင်းကြောင့် ၄င်းကျူးလွန်ခြင်းမဟုတ်ကြောင်း ထွက်ဆိုခဲ့ခြင်းတို့ကြောင့် တရားရှင်လွှတ်ပေးရန် ကျော်ဇောဟန်ဘက်မှလိုက်ပါဆောင်ရွက်သည့်ရှေ့နေက လျှောက်ထားခဲ့သည်။

''မည်သူမဆိုအခြားအချက်မျိုး၌ လူသတ်မှုကျူးလွန်လျှင် ထိုသူကိုထောင်ဒဏ်နှစ်နှစ်ဆယ်ဖြစ်စေ၊ဆယ်နှစ်ထိ အလုပ်ကြမ်းနှင့်ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်''ဟု ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၂)တွင် ပြဌာန်းထားသည်။