ဖားကန့်နှင့် စစ်ကိုင်းတွင် ကျောက်စိမ်းအရိုင်းတုံးများ သယ်ဆောင်လာသည့် ယာဉ်နှစ်စီး ဖမ်းမိ

ဖားကန့်နှင့် စစ်ကိုင်းတွင် ကျောက်စိမ်းအရိုင်းတုံးများ သယ်ဆောင်လာသည့် ယာဉ်နှစ်စီး ဖမ်းမိ

ဖားကန့်နှင့် စစ်ကိုင်းမြို့တို့တွင် ကျောက်စိမ်းအရိုင်းတုံးများ သယ်ဆောင်လာသည့် ယာဉ်နှစ်စီး ကို သက်ဆိုင်ရာက ဇန်နဝါရီ ၆ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။

အဆိုပါနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လဝါးပူးပေါင်း စစ်ဆေးရေးဂိတ်၌ ယာဉ်အဝင်အထွက်များစစ်ဆေးလျက်ရှိသည့် သက်ဆိုင်ရာတာဝန်ရှိသူများသည် မိုးကောင်းမြို့၊ရွာသစ်ရပ်ကွက်နေ သန့်ဇင်အောင်(၂၅)နှစ် ဖားကန့်ဘက်မှ မောင်းနှင်လာသည့် SKAT အမျိုးအစား ခြောက်ဘီးမော်တော်ယာဉ်ကို စစ်ဆေးခဲ့သည်။ 
ထိုသို့တားဆီးစဉ် ယာဉ်မှာရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးခဲ့သောကြောင့် လိုက်လံဖမ်းဆီးရာ ကာမိုင်းမြို့ အင်းတော်ချောင်းတံတား အလွန်တွင် ယာဉ်ရပ်တန့်သွားခဲ့သည်။ 
အဆိုပါယာဉ်ပေါ်တွင် တရားမဝင်တင်ဆောင်လာသည့် ကျောက်စိမ်း အရိုင်းတုံး အရွယ်စုံ ၅၉၀ တုံး ကို သိမ်းဆည်းရမိခဲ့သည်။ 
၄င်းကို စစ်ဆေးချက်များအရ အဆိုပါကျောက်စိမ်းတုံးများကို မိုးကောင်းမြို့၊ရွာသစ်ရပ်ကွက်နေ ဒေါ်သင်းသင်းအေးက ၎င်းကို ကျောက်ဝယ်ရန်ငွေထုတ်ပေးပြီး ဝယ်ခိုင်းသဖြင့် လုံးခင်းကျေးရွာ၊ ခွန်ဆာကုန်းရပ်ကွက်တွင် ယာယီနေထိုင်ကာ ကျောက်များဝယ်ယူ စုဆောင်းပြီး ဒေါ်သင်းသင်းအေးထံသို့ ပြန်ပိုဆောင်ပေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ကာမိုင်းမြို့မရဲစခန်းက ကျောက်မျက်ဥပဒေအရ အမှုဖွင့် အရေးယူထားသည်။ 
အလားတူ အဆိုပါနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နဘားလမ်းဆုံတွင် မိုးညှင်းဘက်မှ အင်းတော်ဘက်သို့ ယာဉ်မောင်း နေလင်းထွန်း မောင်းနှင်ပြီး ဇော်မင်းလိုက်ပါလာသော ကုန်တင်ယာဉ်ပေါ်မှ ကျောက်စိမ်းရိုင်းတုံး စုစုပေါင်း အလေးချိန် (၄၄၅.၃၉)ကီလိုခန့်တို့ကို အင်းတော်မြို့နယ်ရဲစခန်းက ဖမ်းဆီးရမိခဲ့သည်။