မိုင်းကိုင်မြို့တွင် ဆာလာအိတ်နှင့်ထည့်ထားသည့် သိန်း ၉၈၀ဝ နီးပါးတန်ဖိုးရှိ ဘိန်းဖြူနှင့် ဘိန်း စိမ်းများ ကို ဇန်နဝါရီလ ၆ ရက်နေ့တွင် တပ်မတော်သားများက သိမ်းဆည်းရမိခဲ့သည်။
အဆိုပါနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် မိုင်းကိုင်မြို့နယ်၊ ပန်ကေတုကျေးရွာအနီးရှိ တောအုပ် အတွင်းတွင် ဆာလာအိတ်တစ်လုံးအားထမ်းလျက် လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးကို တပ်မတော်သားများက တွေ့ရှိခဲ့သည်။
စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ထမ်းလာသည့် ဆာလာအိတ်ကို ပစ်ချထွက်ပြေးသွားခဲ့သည်။
အဆိုပါအိတ်အတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၃၈.၂၈ ကီလို ကျပ် သိန်း ၉၅၇၀ ဖိုးခန့် နှင့် ဘိန်းစိမ်းအလေးချိန် ၃၁.ဝ၂၇ ကီလို ကျပ် ၁၈၆ သိန်းကျော်ဖိုးခန့်တို့ကို တွေ့ရှိ သိမ်းဆည်းကာ မူးယစ်ရဲတပ်ဖွဲ့စု(၂၇) သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
မိုင်းကိုင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်စုံစမ်းလျက်ရှိသည်။

















