ဂါဘွန်၌ စစ်တပ်က အာဏာသိမ်းရန်ကြိုးပမ်းမှုဖြစ်ပွား အခြေအနေပြန်ထိန်းချုပ်နိုင်ခဲ့ဟုအစိုးရပြောဆို

ဂါဘွန်၌ စစ်တပ်က အာဏာသိမ်းရန်ကြိုးပမ်းမှုဖြစ်ပွား အခြေအနေပြန်ထိန်းချုပ်နိုင်ခဲ့ဟုအစိုးရပြောဆို

 အနောက်အာဖရိက ဂါဘွန်နိုင်ငံတွင် စစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်ပွားခဲ့ပြီး အခြေအနေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။

 ဗိုလ်အိုဘီယန်အွန်ဒိုကယ်လီ ခေါင်းဆောင်သည့် အုပ်စုငယ်တစ်ခုက ဒီမိုကရေစီပြန်လည်တည်ဆောက်ရန် အမျိုးသားပြန်လည်တည်ဆောက်ရေးကောင်စီက အာဏာသိမ်းလိုက်ပြီဖြစ်ကြောင်း ဇန်နဝါရီ ၇ ရက်၌ ရုပ်သံမှထုတ်လွှင့်ခဲ့သည်။ ပုန်ကန်သူများက နိုင်ငံ့အကျိုးစီးပွားအတွက် စစ်သားများကို သယ်ယူပို့ဆောင်ရေးစနစ်နှင့် လက်နက်တိုက်များ၊ လေယာဉ်ကွင်းများကို ထိန်းချုပ်ရန် တိုက်တွန်းခဲ့သည်။

 ရုပ်သံနှင့်ရေဒီယိုဌာနကို ပြန်လည်ထိန်းချုပ်လိုက်ပြီး တပ်ဖွဲ့ဝင်ငါးဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း  အစိုးရ ပြောခွင့်ရသူ ဂိုင်ဘာထရန် မာမန်ဂူက ကြေညာခဲ့သည်။

 ပုန်ကုန်သူတို့ကို ထောက်ခံရန် အလားအလာဖော်ပြခဲ့သည့် ဗိုလ်ချုပ်များ၊ လူမှုအဖွဲ့အစည်းများနှင့် အတိုက်အခံခေါင်းဆောင်များကို စုံစမ်းစစ်ဆေးသွားမည်ဟု ပြောဆိုခဲ့သည်။ လက်ရှိ ဂါဘွန်သမ္မတ အလီဘွန်ဂိုသည် ၂၀၀၉ ခုနှစ်က ၄င်း၏ဖခင် အိုမာဘွန်ဂိုကို ဆက်ခံခဲ့သူဖြစ်သည်။ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင်လည်း မသမာမှုများနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး ပြိုင်ဘက်ကို ပွတ်ခါသီခါ အနိုင်ရခဲ့သည်။

 ပြင်သစ်အစိုးရနှင့် အာဖရိကသမဂ္ဂတို့က အာဏာသိမ်းရန်ကြိုးပမ်းမှုကို ပြစ်တင်ခဲ့ကြသည်။ ရေနံကြွယ်ဝသည့် ဂါဘွန်သည် အခြား အနောက်အာဖရိကနိုင်ငံများနှင့်စာလျှင် နိုင်ငံရေးမတည်ငြိမ်မှု နည်းပါးသော်လည်း လူဦးရေသုံးပုံတစ်ပုံသည် ဆင်းရဲတွင်းထဲ ကျရောက်နေသည်။ လူဦးရေ ၁ ဒသမ ၈ သန်းရှိသည့်အနက် လူငယ်အလုပ်လက်မဲ့နှုန်းသည် ၃၅ ရာခိုင်နှုန်းဝန်းကျင်ရှိသည်။

 သမ္မတ အလီဘွန်ဂိုသည် လွန်ခဲ့သည့်အောက်တိုဘာလမှစ၍ လေဖြတ်နေကြောင်း သတင်းထွက်ပေါ်ခဲ့ပြီး ပြည်ပတွင် ရောက်ရှိနေခဲ့သည်။ ပြီးခဲ့သည့်နှစ်သစ်ကူးနှုတ်ခွန်းဆက်ခြင်းကို ၄င်းဆေးကုနေသည် မော်ရိုကိုနိုင်ငံတွင် ဗွီဒီယိုရိုက်၍ ပေးပို့ခဲ့သည်။