အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဒုတိယအကြိမ် ထိပ်သီးချင်းတွေ့ဆုံရန် ညှိနှိုင်းနေသည့်ကာလတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် တရုတ်သမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ လေးရက်တာခရီးစဉ် ရောက်ရှိလည်ပတ်နေသည်။
ကင်ဂျုံအွန်အတွက် စတုတ္ထမြောက်တရုတ်ခရီးစဉ်ဖြစ်ပြီး ၄င်းနှင့်အတူ ဇနီး ရီဆိုလ်ဂျု၊ ပါတီထိပ်တန်းခေါင်းဆောင် ကင်ယုံချိုလ်နှင့် အရာရှိကြီးများလည်း လိုက်ပါ၍ ဇန်နဝါရီ ၇ ရက်က ပြုံယမ်းမှ အထူးရထားဖြင့် ထွက်ခွာခဲ့ကာ ၈ ရက်၌ တရုတ်သို့ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ကင်ယုံချိုလ်သည် အမေရိကန်အပါအဝင် အခြားနိုင်ငံများနှင့်စေ့စပ်ညှိနှိုင်းမှုကို ကြီးကြပ်ရသူဖြစ်သည်။
ကင်၏ပထမဆုံးတရုတ်ခရီးစဉ်မှာ ၂၀၁၈ မတ်လကဖြစ်ခဲ့ပြီး တောင်ကိုရီးယား၊ အမေရိကန်သမ္မတများနှင့် ထိပ်သီး တွေ့ဆုံပွဲ မပြုလုပ်မီ တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ဦးစွာတွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်ဇွန်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံခြင်းမပြုမီ ကင်သည် တရုတ်သို့ တတိယအကြိမ် သွားရောက်ခဲ့သေးသည်။
ကင်၏တရုတ်ခရီးစဉ် အားလုံးကို ကြိုတင်ကြေညာခဲ့ခြင်းမရှိဘဲ ယခုခရီးစဉ်တွင် တရုတ်၌ ကင်ဂျုံအွန်သည် ဇန်နဝါရီ ၁၀ ရက်အထိ နေထိုင်မည်ဖြစ်သည်။
ကင်ဂျုံအွန်နှင့်ဒုတိယအကြိမ် တွေ့ဆုံရန် နေရာရွေးချယ်နေကြောင်း ထရမ့်က ပြောဆိုထားပြီး ယခုတစ်ကြိမ်တွင် ဗီယက်နမ် ဖြစ်နိုင်သည်ဟု သတင်းများထွက်ပေါ်နေသည်။
တရုတ်သည် မြောက်ကိုရီးယား၏ အဓိက မဟာမိတ်ဖြစ်နေဆဲဖြစ်ပြီး အရေးအပါဆုံးကုန်သွယ်ဘက်လည်းဖြစ်သည်။
ပြီးခဲ့သည့်ဇွန်မှစ၍ တရုတ်နှင့် အမေရိကန်ဆက်ဆံရေးမှာ ဆိုးရွားလာပြီး လက်ရှိတွင် ကုန်သွယ်ရေးစစ်ပွဲကို ယာယီ ရပ်တန့်ထားသည့်အခြေအနေဖြစ်သည်။
မြောက်ကိုရီးယားနှင့် အမေရိကန်ဆက်ဆံရေးမှာလည်း ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးနှင့် မြောက်ကိုရီးယားအပေါ် အမေရိကန်ဆက်လက် ပိတ်ဆို့နေခြင်းတို့နှင့်ပတ်သက်၍ ရှေ့မတိုးနောက်မဆုတ် ဖြစ်နေသည်။
၂၀၁၉ အတွက် နှစ်သစ်ကူးမိန့်ခွန်းတွင် ကင်ဂျုံအွန်က နျူကလီးယားကင်းစင်ရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်သော်လည်း အမေရိကန်ပိတ်ဆို့မှု ဆက်လက်ချမှတ်နေပါက လမ်းကြောင်းပြောင်းလဲရန် စဉ်းစားရမည်ဟု သတိပေးခဲ့သည်။
အမေရိကန်ကလည်း ကိုရီးယားကျွန်းဆွယ် နျူကင်းမှုမဖြစ်မချင်း ပိတ်ဆို့မှုများ ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

















