တရုတ်နိုင်ငံအရှေ့တောင်ပိုင်း ကွမ်တုံခရိုင်ရှိ ရှင်ကျန်းမြို့သည် သဘာဝပတ်ဝန်းကျင်မထိခိုက်စေရေးအတွက် မြို့တွင်း လျှပ်စစ်စွမ်းအင်သုံးတက္ကစီများကိုသာ ပြောင်းလဲပြေးဆွဲစေခဲ့သည်။
မြို့တွင်းပြေးဆွဲနေသည့် တက္ကစီ ၂၁၆၈၉ စီးအနက် ၉၉ ရာခိုင်နှုန်းမှာ လျှပ်စစ်တက္ကစီများဖြစ်ကြောင်း နည်းပညာလုပ်ငန်းများရှိသည့် ရှင်ကျန်းမြို့အစိုးရက ထုတ်ပြန်ခဲ့သည်။
၂၀၁၉ ခုနှစ်အစပိုင်းမှစ၍ လျှပ်စစ်တက္ကစီများကိုသာ ပြေးဆွဲစေခဲ့ခြင်းဖြစ်သည်။ ယမန်နှစ်တွင် မြို့တွင်းပြေးဆွဲနေသည့် တက္ကစီများအနက် ၇၅၀ဝ စီးမှာ လောင်စာဆီသုံးတက္ကစီများဖြစ်ကြသည်။
လောင်စာဆီသုံးတက္ကစီတချို့ကိုတွေ့မြင်နိုင်သေးသော်လည်း အများစုမှာ လျှပ်စစ်စွမ်းအင်သုံးများဖြစ်ကြသည်။
လူဦးရေ ၁၂ ဒသမ ၅ သန်းရှိသော ရှင်ကျန်းမြို့သည် လျှပ်စစ်တက္ကစီများကိုပြောင်းလဲပြေးဆွဲမှုတွင် ဒုတိယမြောက်မြို့ဖြစ်သည်။ တရုတ်နိုင်ငံမြောက်ပိုင်းရှိ လူဦးရေ ၄ ဒသမ ၃ သန်းရှိသော တိုင်ယွန်မြို့သည် ၂၀၁၆ ခုနှစ်တွင် မြို့တွင်းရှိ တက္ကစီများကို လျှပ်စစ်တက္ကစီများအဖြစ် ပြောင်းလဲခဲ့သည်။
ရှင်ကျန်းသည် တရုတ်အဓိကမြို့ကြီးများတွင် ဦးဆောင်နေသော မြို့တစ်မြို့ဖြစ်ကြောင်း တရုတ်ခရီးသည်တင်မော်တော်ယာဉ်အသင်း၏အထွေထွေအတွင်းရေးမှူး ဆူတုံရှူကပြောဆိုခဲ့သည်။
ရှင်ကျန်းရှိ အများပြည်သူသုံးဘတ်စကားများမှာ ၂၀၁၇ ခုနှစ်ကတည်းက လျှပ်စစ်စွမ်းအင်သုံးများဖြစ်သည်။
မီးခိုးမြူလျှော့ချရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုရေးအတွက် ပြောင်းလဲမှုများဦးဆောင်ပြုလုပ်နေသည့် မြို့ ၁၃ မြို့တွင် ရှင်ကျန်းပါဝင်နေကြောင်း ရှင်ကျန်းစည်ပင်သာယာပို့ဆောင်ရေးကော်မတီကထုတ်ပြန်ခဲ့သည်။
ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးအတွက် ပေကျင်းနှင့်အခြားမြို့များသည် လျှပ်စစ်စွမ်းအင်သုံး စကူတာ၊ စက်ဘီးနှင့် သုံးဘီးယာဉ်များကို ပြောင်းလဲအသုံးပြုနေပြီဖြစ်သည်။
ရှင်ကျန်းရှိ ၂၀ဝ၀ဝ ကျော်ရှိ လျှပ်စစ်တက္ကစီများကြောင့် ကာဘွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုပမာဏကို တစ်နှစ်လျှင် တန် ၈၅၀ဝ၀ဝ ခန့်အထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း မြို့ပို့ဆောင်ရေးကော်မတီကထုတ်ပြန်ခဲ့သည်။
သို့သော် လျှပ်စစ်စွမ်းအင်ပြောင်းလဲသည့် အစီအစဉ်တွင် အူဘားကဲ့သို့ အွန်လိုင်းမှတစ်ဆင့်ခေါ်ယူနိုင်သည့် အငှားကားဝန်ဆောင်မှုလုပ်ငန်းများမပါဝင်သေးချေ။
ရှင်ကျန်းသည် ၂၀၁၀ ပြည့်နှစ်တွင် လျှပ်စစ်တက္ကစီ ၁၀ဝ စီးကို စမ်းသပ်ပြေးဆွဲစေခဲ့ရာ ယင်းယာဉ်များကို အားပြန်ဖြည့်နိုင်ရေးအတွက် နေရာများထားရှိရာတွင် အခက်အခဲများရှိခဲ့သည်။
ယခုအချိန်တွင် အားဖြည့်ရုံ ၂၀ဝ၀ဝ၀ ခန့်ရှိနေပြီဖြစ်ကြောင်း ပို့ဆောင်ရေးကော်မတီကပြောဆိုခဲ့သည်။

















