ကုလသမဂ္ဂ ကျောထောက်နောက်ခံပေးထားသော အကျင့်ပျက်ခြစားမှု ကော်မရှင်မှ ဂွာတီမာလာထွက်မည်

ကုလသမဂ္ဂ ကျောထောက်နောက်ခံပေးထားသော အကျင့်ပျက်ခြစားမှု ကော်မရှင်မှ ဂွာတီမာလာထွက်မည်

ကုလသမဂ္ဂ ကျောထောက်နောက်ခံပေးထားသော အကျင့်ပျက်ခြစားမှု ကော်မရှင် (စီအိုင်စီအိုင်ဂျီ) မှ နုတ်ထွက်မည် ဟု ဂွာတီမာလာအစိုးရက ထုတ်ပြန်ကြေညာလိုက်သည်။ 

ကော်မရှင်သည် သမ္မတဂျင်မီမိုရဲလက်စ် အပါအဝင် အစိုးရထိပ်ပိုင်းပုဂ္ဂိုလ်များကို အကျင့်ပျက်ခြစားမှုများဖြင့် စုံစမ်းစစ်ဆေးလျက်ရှိသည်။ 
ကော်မရှင်မှ  နုတ်ထွက်လိုက်ပြီဖြစ်သောကြောင့် စီအိုင်စီအိုင်ဂျီမှ ကုလသမဂ္ဂ ကိုယ်စားလှယ်များ နိုင်ငံမှ ၂၄  နာရီအတွင်းထွက်ခွာသွားရန်  နိုင်ငံခြားရေးဝန်ကြီးဆန်ဒရာဟိုဗဲက ပြောသည်။ 
သမ္မတမိုရဲလက်စ် အနေဖြင့် နိုင်ငံတွင်းအကျင့်ပျက်ခြစားမှု တိ်ုက်ဖျက်ရေး ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်ပြီး၊ စီအိုင်စီအိုင်ဂျီက သမ္မတမိုရဲလက်စ်ကို စုံစမ်းစစ်ဆေးနေမှုများတွင် နားလည်မှု လွဲမှားခြင်းများပါဝင်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဟိုဗဲကပြောသည်။ 
    စီအိုင်စီအိုင်ဂျီကိုစတင်ဖွဲ့စည်းချိန်က သမ္မတမိုရဲလက်စ်သည် ကော်မရှင်ကို ထောက်ခံခဲ့ကာအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအားပေးခဲ့သော်လည်းကော်မရှင်၏ စုံစမ်းစစ်ဆေးမှုများသည် ၎င်းထံဦးတည်လာချိန်တွင်ကား ကော်မရှင်နှင့် အချေအတင် အငြင်းပွားမှုများ  ဖြစ်ပွားခဲ့သည်။

ကော်မရှင်၏ လုပ်ပိုင်ခွင့်များကို ကန့်သတ်ထိန်းချုပ်ခြင်းများကြောင့်လည်း ဂွာတီမာလာ ပြည်သူအများ လမ်းပေါ်ထွက်ဆန္ဒပြကာ သမ္မတ နုတ်ထွက်ပေးရေး ဖိအားပေးခဲ့ကြသည်။ 
    နိုင်ငံခြားရေးဝန်ကြီးမစ္စ ဟိုဗဲသည် ဇန်နဝါရီ ၇ တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်နှင့် တွေ့ဆုံကာစီအိုင်စီအိုင်ဂျီကော်မရှင်၏  လုပ်ပိုင်ခွင့်ကိုဂွာတီမာလာတွင် အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း အသိပေးခဲ့ရာ မစ္စတာဂူတာရက်စ်က ဂွာတီမာလာအစိုးရ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ရှုတ်ချကြောင်း ကြေညာခဲ့သည်။