ပြီးခဲ့သည့်နှစ်ကဖမ်းဆီးထိန်းသိမ်းခံရပြီးဇန်နဝါရီ ၇ ရက်တွင် ပထမဆုံး ရုံးထုတ်ကြားနာမှု၌ နစ်ဆန်းကားလုပ်ငန်းဥက္ကဋ္ဌဟောင်းကားလို့စ် ဂို့စ်ကအပြစ်ကင်းရှင်းကြောင်းချေပထွက်ဆိုခဲ့သည်။
မစ္စတာဂို့စ်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာကတည်းကထိန်းသိမ်းခံထားရခြင်းဖြစ်ပြီးငွေကြေးအလွဲသုံးစားမှု စွဲချက်များနှင့် ရင်ဆိုင်နေရသည်။ မှားယွင်းစွာစွပ်စွဲကာ၊ တရားမျှတခြင်းမရှိသောနည်းဖြင့် ထိန်းသိမ်းခံထားရခြင်းဖြစ်သည်ဟုမစ္စတာဂို့စ်ကထွက်ဆိုထားသည်။
မစ္စတာဂို့စ်ကိုကာလရှည် ထိန်းသိမ်းထားခြင်းကိုဖြေရှင်းချက်ပေးရန် ၎င်း၏ ရှေ့နေက ရုံးတော်သို့ လျှောက်ထားသည်။
ငွေကြေးအလွဲသုံးစားမှုများသာမက၊ ဝင်ငွေကိုလျှော့ချကြေညာခဲ့သည်ဟုလည်းဂျပန် အစိုးရရှေ့နေများက မစ္စတာဂို့စ်ကိုစွပ်စွဲထားသည်။
မစ္စတာဂို့စ်ကိုတိုကျိုခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။ အသက် ၆၄ နှစ်အရွယ် မစ္စတာဂို့စ်ကလစာများလျှော့ချကြေညာခဲ့ခြင်းမျိုးမရှိသလို၊ နစ်ဆန်းကားလုပ်ငန်းကိုဆယ်စုနှစ် နှစ်ခုကျော်ကြာအာရုံစိုက် လုပ်ကိုင်ခဲ့သည့်ကာလအတွင်း၌လည်းတစ်စုံတစ်ရာစွပ်စွဲခံရခြင်းမျိုးမရှိခဲ့ကြောင်း မစ္စတာဂို့စ်ကပြောသည်။
လွန်ခဲ့သော နှစ်လက ရုတ်တရက် ဖမ်းဆီးခံရခြင်းကြောင့် ကားလုပ်ငန်း၌ လှုပ်ခတ်သွားခဲ့သလို၊ ကာလရှည် ထိန်းသိမ်းထားမှုအတွက်လည်းဝေဖန်မှုများထွက်ပေါ်လျက်ရှိသည်။
တိုကျိုခရိုင် တရားရုံးတရားသူကြီးကမူမစ္စတာဂို့စ်သည် ပြန်လွှတ်ပေးထားပါကထွက်ပြေးသွားနိုင်ခြေရှိသလို၊ သက်သေအချက်အလက်များဖျောက်ဖျက်မည့် အန္တရာယ်လည်းရှိသောကြောင့် ထိန်းသိမ်းထားခြင်းသည် နည်းလမ်းကျသောလုပ်ရပ်ဖြစ်သည်ဟုတုံ့ပြန်ပြောကြားထားသည်။

















