ကောလင်းမြို့နယ်၌`ရွှေကချင်´မှန်လုံယာဉ်တစ်စီးတိမ်းမှောက်ခဲ့ပြီး ၁၄ ဦးထိခိုက် ဒဏ်ရာများရရှိခဲ့မှု ယနေ့ ဇန်နဝါရီ ၈ ရက်က ဖြစ်ပွားခဲ့သည်။
ယနေ့နံနက် ၄ နာရီ အချိန်ခန့်တွင် ရွှေဘို - မြစ်ကြီးနားလမ်း မိုင်တိုင်အမှတ်၁၁၅/၁၁၆ကြားတွင်`ရွှေကချင်´မှန်လုံယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ ခန့်သာနယ်မြေရဲကင်းစခန်းမှူးရဲအုပ်စိုးသိန်းအောင် နှင့်အဖွဲ့က သွားရောက်ကြည့်ရှုခဲ့သည်။
သက်ဆိုင်ရာ၏ စုံစမ်းချက်အရ ခရီးသည် ၁၂ ဦးတင်ဆောင်ကာ ကချင်ပြည်နယ် ဟိုပင်မြို့နေ ယာဉ်နောက်လိုက် ချမ်းမြေ့အောင် မောင်းနှင်ပြီး ဘေးမှ ကသာမြို့နေ ယာဉ်မောင်း ဦးယုနိုင် လိုက်လာခဲ့ရာ မိုင်တိုင်အမှတ်၁၁၅/၁၁၆ကြား လမ်းကွေ့အရောက် အရှိန်မထိန်းနိုင်ဘဲ တံတားလက်ရမ်းအုတ်ခုံကို ဝင်ရောက်တိုက်မိ တိမ်းမှောက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည်များအပါအဝင် စုစုပေါင်း ၁၄ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့သည်။
ယာဉ်ပေါ့ဆစွာ အသုံးပြုသူနှစ်ဦးကို ခန့်သာနယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားသည်။

















