မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲ ကုလားဂုတ်ကျွန်း အောက်ဆိပ်တွင် လေပြင်း တိုက်ခတ်ခဲ့ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှု များပြားခဲ့ကြောင်း ကုလားဂုတ်ကျွန်း အုပ်ချုပ်ရေးမှူးက ပြောသည်။
ယနေ့ဇန်နဝါရီလ ၈ ရက် နံနက် ၇ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူနေအိမ်များ ပြိုလဲပျက်စီးကာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းအမိုးများလည်း လန်ခဲ့သည်။
“စာရင်း အတိအကျတော့ မသိသေးဘူး။ ပြိုတာ ပျက်စီးတာတွေတော့ များတယ်”ဟု ကုလားဂုတ်ကျွန်း အုပ်ချုပ်ရေးမှူး ဦးသောင်းစိန်က ပြောသည်။
ကုလားဂုတ်ကျွန်း အောက်ဆိပ်တွင် အိမ်ခြေ ၅၀ဝ ခန့်ရှိပြီး လေပြင်းကြောင့် အိမ်ခြေ ထက်ဝက်ခန့် ထိခိုက်မှု ရှိခဲ့သည်ဟု ဒေသခံများက ခန့်မှန်းသည်။
လက်ရှိတွင် ကုလားဂုတ်ကျွန်းသို့ ကူညီထောက်ပံ့မှုများ သွားရောက်ပေးဆောင်နေကြောင်း ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူအေးက ပြောသည်။
“သဘာဝဘေးဖြစ်နေတဲ့နေရာမှာ အခြေအနေသိနိုင်ဖို့အတွက်တော့ ကျွန်မတို့သွားနေဆဲပါ၊ အရေအတွက်ကတော့ မသိသေးဘူး။ ထောက်ပံ့မှုကျတော့ ကျွန်မတို့ ဂိုထောင်ထဲမှာ သိုလှောင်ထားတဲ့ ပစ္စည်းတွေရှိသလောက်ပေါ့နော်။ ထောက်ပံ့မှုတွေ သွားပေးနေပါပြီ”ဟု ၄င်းက ပြောသည်။
ထို့အတူ သဘာဝဘေးဖြစ်ပွားရာ ကုလားဂုတ်ကျွန်းသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့ကလည်း ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးများ သွားရောက် ဆောင်ရွက်လျက် ရှိသည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ယနေ့နံနက်ပိုင်းတွင် အရှိန်လျော့ကျသွားပြီဖြစ်သော်လည်း မွန်ပြည်နယ်အတွင်း နေရာစိပ်စိပ် မိုးဆက်လက် ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ မွန်းတည့်ချိန်က ထုတ်ပြန်ထားသည်။


















