ကွမ်းလုံမြို့နယ်အတွင်းမှ မြောင်ဇီးတိုင်းရင်းသားများ တပ်သားသစ် စုဆောင်းခံရ

ကွမ်းလုံမြို့နယ်အတွင်းမှ မြောင်ဇီးတိုင်းရင်းသားများ တပ်သားသစ် စုဆောင်းခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ် ဖာပိန်ကျေးရွာအုပ်စု ကျန်ကြာကျိုင်းကျေးရွာတွင် ဇန်နဝါရီ ၆ ရက်က  အုပ်ချုပ်ရေးမှူးအပါအဝင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့်ရွာသား ၁၀ ဦးကို ကိုးကန့်စကား အသုံးပြုသည့် လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

မြောင်ဇီးတိုင်းရင်းသားရွာသူ ရွာသားများသည် စစ်သားသစ်စုဆောင်းခံနေရသောကြောင့် လူဦးရေ ၄၅၀ ကျော်က ဟိုလီကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာကြရသည်ဟု ဟိုလီကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်စိန်က ဆိုသည်။
"သူတို့ ဇန်နဝါရီလ ၆ ရက် မနက် ၉ နာရီက ရောက်လာကြတယ်။ သူတို့ရွာကို ကိုးကန့်စကားအသုံးပြု့ပြီး ဘက်တံဆိပ်မပါဘူး Equipment (ပစ္စည်းကိရိယာတန်ဆာပလာ)တွေတော့ ပါတယ်။လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က ရဲဘော်သစ်တွေ လာစုဆောင်းလို့ ထွက်ပြေးတိမ်းရှောင်လာတယ်လို့ ပြောတယ်။
ကိုယ့် အုပ်စုအပိုင်းက မဟုတ်ကြပေမယ့် လူသားချင်းစာနာလို့ ကူညီပေးနေတာပါ"ဟု ဒုက္ခသည် စခန်းဖွင့်ကူညီနေသည့် ဟိုလီကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်စိန်က ပြောသည်။
'' သူတို့ကျေးရွာသူကြီးနဲ့ ရာအိမ်မှူးတွေ ရွာသားအားလုံး ၁၁ယောက်ကို ခေါ်သွားတာ တစ်ယောက် ပြန်လွတ်လာတယ်။ ၁၀ ယောက်ကျန်သေးတယ်။ ဒါကိုမြင်တော့ သူတို့မနေရဲတော့လို့ ထွက်ပြေးလာကြတာ'' ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 
"ကိုးကန့်တပ်တွေက အစည်းအဝေး ရှိတယ်ဆိုပြီး ရွာလူကြီးကိုခေါ်သွားတယ်။ ရွာလူကြီးကပြန်လာပြီး ပြောပြတယ်။ အင်အားတောင့်တဲ့ ယောကျာ်းလေး ၁၅ ယောက်ပေးရမယ်တဲ့။ ယောကျာ်း မရှိရင် မိန်းမခေါ်မယ်တဲ့။ အဲဒါ နဲ့ ကြောက်လို့ ထွက်ပြေးခဲ့တာ။ ရွာလူကြီးတော့ မရှိတော့ဘူး ပါသွားပြီး"ဟု ထွက်ပြေးတိမ်းရှောင်လာသည့် ကျန်ကြာကျိုင်း ရွာသူတစ်ဦးက ပြောသည်။
ထွက်ပြေးလာသူများကို ကွမ်းလုံမြို့နယ် ဟိုလီကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ဘုရားကျောင်းများတွင် နေရာခွဲ ခိုလှုံစေခဲ့သည်။ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်ကွမ်းလုံအခြေစိုက်တပ်ရင်းက ဆန်အိတ် (၂၀) ကြက်ဥ အလုံးတစ်ထောင်ကိုလည်းကောင်း၊ ကွမ်းလုံအုပ်ချုပ်ရေးမှူးအဖွဲ့၊ကွမ်းလုံ လောက်ကိုင်၌ ရှိသည့်  အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် လောက်ကိုင်မြို့ကြက်ခြေနီအသင်းက စောင်၊ လိုအပ်သည့်အသုံးအဆောင်ပစ္စည်းနှင့် ဟင်းချက်စရာများကိုလည်းကောင်း သွားရောက်လှူဒါန်းခဲ့ကြသည်။
 မြောင်ဇီးတိုင်းရင်းသားများသည် မြန်မာနိုင်ငံရှိ  ၁၃၅ မျိုးသော တိုင်းရင်းသားများထဲတွင်ပါဝင်ပြီး ကွမ်းလုံမြို့နယ်အတွင်း လူဦးရေကိုး ထောင်ကျော်နေထိုင်ကြသည်။ 
''သူတို့တွေ အိမ်ပြန်ဖို့တော့ မသိရသေးဘူး။ အခုတော့ ဒီရွာတွေကို မြန်မာ့တပ်မတော် စစ်ကြောင်း တပ်မ (၉၉) စစ်ကြောင်းထိုး နယ်မြေရှင်းဖို့ ရောက်ရှိနေတယ်။'' ဟု ဝိုလီ အုပ်ချုပ်ရေးမှူးက ဆိုသည်။
"လက်ရှိအခြေအနေအရတော့ ကျနော်တို့ဘက်ကလည်း မြင်ရတာမဟုတ်တော့ ထွက်ပြေးတိမ်းရှောင်လာ 
တဲ့ ရွာသားတွေကိုမေးကြည့်တဲ့အချိန်မှာ  MNDAA ကိုးကန့် တပ်ဖွဲ့လို့တော့ အကြမ်းဖျင်းသိရတယ်ဗျ။ ကျနော်တို့ဘက်ကတော့ အခုလိုရောက်လာပြီး တပ်သားစုဆောင်းခံနေရတဲ့ ရွာတွေကို ထပ်ပြီးဝင်မလာနိုင်အောင် လုံခြုံရေး ယူပေးထားပေးဖို့ စီမံဆောင်ရွက်ပေးထားပါတယ်" ဟု အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းထွဋ်လေးက ပြောသည်။
ယခု စစ်သားစုဆောင်းခံရသည့် ကွမ်းလုံမြို့နယ်အတွင်းမှ ဖာပိန်ကျေးရွာအုပ်စု ကျန်ကြာကျိုင်း ကျေးရွာ၊ ကြူကော်ယွင်ကျေးရွာ၊ မန်ဟွယ် ကျေးရွာ၊ ညိုချန်ကျေးရွာ၊ ဟိုပုံကျေးရွာတို့သည် ကွမ်းလုံမြို့နှင့် ၈ မိုင် ကွာဝေးသည့် တောင်ပေါ်ရွာများဖြစ်ကြပြီး သံလွင်မြစ်တစ်ဖက်ကမ်း ကွမ်းလုံမြို့နယ်အတွင်း တည်ရှိသည့် ကျေးရွာများဖြစ်သည်။
MNDAA ကိုးကန့်တပ်ဖွဲ့သည် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု FPNCC  အဖွဲ့ဝင်ဖြစ်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ်(NCA)တွင် လက်မှတ်မထိုးရသေးသည့် အဖွဲ့ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး