ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်TNLA နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA တပ်များသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှစတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့သောကြောင့် ၂၀၁၉ ခုနှစ်ဇန်နဝါရီလ ၁ ရက်တွင် ဒေသခံရွာသား ၄၀ဝ ကျော်သည် နေရပ်များကို စွန့်ခွာ စစ်ဘေးရှောင်နေရကြောင်း ဒေသခံစစ်ဘေးရှောင်များထံမှ သိရသည်။
ထို့အတူ သီပေါမြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် RCSS/SSA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်နေသောကြောင့် ဒေသခံရွာသား ၁၄၈၀ ဦး နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသခံစစ်ဘေးရှောင်များက ဆိုသည်။
"ကျနော်တို့ဆီကိုတော့ ဇန်နဝါရီ ၃ ရက်က စရောက်လာကြတာ လူဦးရေ ၅၀ဝ ကျော်တယ် တစ်မြို့နယ်လုံးဆိုရင်တော့ ၁၄၀ဝ ကျော်ပဲဗျ နေရာ ၉ နေရာခွဲပြီး ထားရတယ်" ဟု နားမခေါ်ကျေးရွာ စစ်ဘေးရှောင် စခန်းတာဝန်ခံ ဦးတင်စိန်ကပြောသည်။
နမ္မတူ မြို့နယ်အတွင်းမှ မန်ဝါကျေးရွာ၊ နားငူး၊နားဟန်း၊နောင်အော်၊ နာကျိုင်း ကျေးရွာနှင့် သီပေါမြို့နယ်အတွင်းမှ နားမခေါ်ကျေးရွာအုပ်စု၊ နမ့်လန်ကျေးရွာအုပ်စု၊ နမ့်ရန်း ကျေးရွာအုပ်စု ပန်မိတ်ကျေးရွာအုပ်စု၊ ဘော်ကြိုကျေးရွာအုပ်စုတို့ရှိ ရွာပေါင်း (၂၀) ကျော်မှ လူဦးရေ ၂၀ဝ၀ ကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်နေသူ ရွာသူရွာသားများထံမှ သိရသည်။
"သူတို့ ဇန်နဝါရီ ၁ ရက်ကစပြီးရောက်တယ်။ နားကျိုင်း ရွာနားမှာ လက်နက်ကြီးနဲ့ ပစ်သံကြားလို့ ပြေးလာကြတာ သူတို့ စားဝတ်နေရေးကိုတော့ ရွာသူရွာသားတွေနဲ့ အလှူရှင်တွေနဲ့ ဖြေရှင်းပေးထားတယ်။ စစ်ဘေးရှောင်လာတဲ့ လူတွေကတော့ မန်စံမြောက်ကျောင်းမှာက ၄၀ဝ ကျော်ရှိတယ်။ မန်ဝါ ကလူတွေက နမ္မတူ ပုပ္ပါရုံကျောင်းမှာ ၅၀ ကျော်ရှိတယ်။ အချို့ပြန်တဲ့ သူလည်း ရှိတယ်။ အမျိုးတွေ အိမ်မှာ သွားနေကြသူတွေလည်းရှိတယ်" ဟု ဆီလိန်ခမ်း လူမှုကူညီရေးအသင်းမှ စိုင်းရန်ပြေက ပြောသည်။
ဒုက္ခသည်များကို သီပေါမြို့နယ်အတွင်း ယာယီစစ်ရှောင်စခန်း ကိုးခုနှင့် နမ္မတူမြို့နယ်အတွင်း ယာယီ စစ်ရှောင်စခန်းနှစ်ခုဖွင့်လှစ် ခိုလှုံစေပြီး အလှူရှင်များ ပရဟိတ အသင်းများ၏ အကူအညီနှင့် ကျေးရွာရပ်မိရပ်ဖများမှ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
" ကလေးတွေလည်း စာမသင်ရတာနှစ်လရှိပြီ။ မဖြစ်စေချင်ပါဘူး။ ပြောလို့ရမယ်ဆိုရင် ပြောချင်တယ်။အချင်းချင်း ရန်မဖြစ်ကြပါနဲ့လို့"ဟု နားမခေါ် ကျေးရွာကို စစ်ဘေးရှောင်လာသူ မအေးမိ ကပြောသည်။
မန်ဝါကျေးရွာ အနီးတစ်ဝိုက်တွင် လက်နက်ကြီးပစ်ခတ်၍ ကျွဲနွားသေဆုံးမှုများလည်း ရှိနေကြောင်း စစ်ဘေးရှောင်လာသည့် ကျောင်းဆရာမတစ်ဦးက ပြောသည်။
စစ်ဘေးရှောင်လာသူများအတွက် စားနပ်ရိက္ခာနှင့် လိုအပ်သည့်အသုံးအဆောင်များကို နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ကျေးရွာ စစ်ဘေးရှောင်ကော်မတီတို့က ကျေးရွာ၏ရန်ပုံငွေနှင့် တာဝန်ယူချက်ပြုတ်ကျွေးမွေးလျက်ရှိသည်။
အလားတူ ပရဟိတ အသင်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကလည်း လိုအပ်သည့် စောင်နှင့် အနွေးထည် စသည့်ပစ္စည်းများကို လာရောက်လှူဒါန်းခဲ့ကြကြောင်း စစ်ရှောင်ကော်မတီ အဖွဲ့ဝင်များက ဆိုသည်။
ကျောက်မဲခရိုင်အတွင်း စစ်ဘေးရှောင်လာသူများထဲတွင် စာမေးပွဲ ဖြေဆိုရမည့် ကျောင်းသူ ကျောင်းသား ဦးရေ ၁၀ဝ ဝန်းကျင်ရှိခြင်းကြောင့် ယာယီ စစ်ရှောင်စခန်းနှင့် ဘုန်းတော်ကြီး ကျောင်းများ၌ သင်ထောက်ကူ ပစ္စည်းများနှင့် စားမေးပွဲဖြေဆိုပြီးသည်အထိ ဆရာ ဆရာမ များစာသင်ကြားပေးနိုင်ရန် သက်ဆိုင်ရာ ပညာရေးဌာနရပ်မိရပ်ဖ အရပ်ဖက်လူမှုအဖွဲ့အစည်း များက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။


















