ရာဘာခြံအတွင်းမှ စိတ်ကြွဆေးပြားနှင့် တူမီးသေနတ်နှစ်လက် ဖမ်းဆီးရမိ

ရာဘာခြံအတွင်းမှ စိတ်ကြွဆေးပြားနှင့် တူမီးသေနတ်နှစ်လက် ဖမ်းဆီးရမိ

ကော့သောင်းမြို့နယ် ဘန်းကချွန်ကျေးရွာအုပ်စု ရာဘာခြံအတွင်းမှ စိတ်ကြွဆေးပြားနှင့် တူမီးသေနတ် နှစ်လက်တို့ကို သက်ဆိုင်ရာက ဇန်နဝါရီလ ၈ ရက်နေ့က သိမ်းဆည်းရမိခဲ့သည်။ 

အဆိုပါနေ့ နံနက် ၆ နာရီခွဲ အချိန်တွင် ကော့သောင်းမြို့နယ် ဘန်းကချွန်ကျေးရွာအုပ်စု ၁၄ မိုင် ကျေးရွာနေ သဲလင်းထွန်း(ခ)သားပိန်၏ ရာဘာခြံရှိနေအိမ်ကို မူးယစ်ရဲတပ်ဖွဲ့စု(၃၄)ကမူးယစ် သတင်းအရဝင်ရောက်ရှာဖွေခဲ့သည်။ 
ထိုသို့ဝင်ရောက်ရှာဖွေစဉ် သဲလင်းထွန်း(ခ) သားပိန်မှာ ထွက်ပြေးသွားပြီး နေအိမ်တွင် ဘန်းကချွန်ကျေးရွာ၊ စိုင်းဒင်းရပ်နေ သက်မင်းသူ(ခ)မင်းသူ ၂၃ နှစ်ကို တွေ့ရှိခဲ့သည်။

၎င်းထိုင်နေသည့်ရှေ့ရှိကြမ်းပြင်ပေါ်မှ ကပ်ခွာအိတ်ဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၆၃ ပြား( ကျပ် ၁ သိန်းဖိုးခန့်)၊ကပ်ခွာအိတ်ဖြင့်ထည့်ထားသည့် ICE ၁ ဂရမ် (ကျပ် ၂၀ဝ၀ဝ ဖိုး)နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ 
ထို့ပြင်နေအိမ်အတွင်းနံရံထောင့်မှ အရှည် ၄ ပေ ၄ လက်မနှင့် အရှည် ၃ ပေ ၁၁ လက်မရှိ တူမီးသေနတ်နှစ်လက်နှင့် နေအိမ်ရှေ့မှ မော်တော်ဆိုင်ကယ် တစ်စီးတို့ကိုသိမ်း ဆည်းရမိခဲ့သည်။

၄င်းကို ကော့သောင်းမြို့မရဲစခန်းတွင် မူးယစ်ဥပဒေပုဒ်မ၊ လက်နက်ဥပဒေပုဒ်မများဖြင့် အမှုဖွင့် အရေးယူထားပြီး ထွက်ပြေးတိမ်းရှောင်နေသူ သဲလင်းထွန်း(ခ)သားပိန်ကို ဖမ်းဆီးရမိရေး အတွက် ဆက်လက်စုံစမ်းလျက်ရှိသည်။