ဒီမော့ဆိုမြို့နယ်တွင် ရဲအရာရှိနှစ်ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့မှုကို သက်ဆိုင်ရာက ဇန်နဝါရီ ၈ ရက်နေ့ တွင် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း ဒီမော့ဆိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပေါလ်ဆိုင်းက ပြောသည်။
ယင်းနေ့ မွန်းလွဲပိုင်းတွင် ကယားပြည်နယ် ဒီမော့ဆိုမြို့နယ် စံပြ(၆)မိုင်ကျေးရွာအနီး ကျောက်ချောလမ်း ဘေးတွင် လူ နှစ်ဦးသေဆုံးကြောင်းသတင်းအရ ဒီမော့ဆိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှထွေးနှင့်အဖွဲ့က သွား ရောက်စစ်ဆေးခဲ့သည်။
အဆိုပါနေရာရှိ တောင်ယာခင်းအတွင်း AD Van အမျိုးအစားအဖြူရောင်ယာဉ်ကို တွေ့ရပြီး အနီးတွင် လွိုင်ကော်ခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်ကျော်ဖြိုးဝေသည် ပက်လက်လန် အနေအထားဖြင့် သေဆုံးနေသည်။ ထို့အတူ ပေ ၁၀ဝ ခန့်အကွာတွင် လွိုင်ကော် ခရိုင်ရဲတပ်ဖွဲ့မှ နယ်ထိန်းအရာရှိ ရဲအုပ် ဇော်မင်းဦးမှာ မှောက်လျက်အနေအထားဖြင့် သေဆုံးနေသည်။
သက်ဆိုင်ရာ၏ စစ်ဆေးချက်များအရ ရဲအုပ်ကျော်ဖြိုးဝေတွင် ဦးခေါင်းနောက်စေ့ ကျည်ဝင်ဒဏ်ရာ တစ်ချက်၊ ဝဲနားနောက်ကျည်ပေါက်ထွက် ဒဏ်ရာတစ်ချက်၊ နောက်ကျောကျည်ဝင်ဒဏ်ရာနှစ်ချက်၊ ရှေ့ဝမ်းဗိုက် ပေါက်ထွက်ဒဏ်ရာတစ်ချက်နှင့် ယာဘက်ရင်အုံညိုမဲဒဏ်ရာတစ်ချက်တို့ ရရှိကာ သေဆုံးနေခြင်းဖြစ်သည်။
ထို့ပြင် ရဲအုပ်ဇော်မင်းဦးတွင် နောက်စေ့မှ ကျည်ဝင်ဒဏ်ရာတစ်ချက်၊ ဝဲနားအုံနောက်မှ ပေါက်ထွက် ဒဏ်ရာတစ်ချက်တို့ ရရှိကာ သေဆုံးနေသည်ကို သက်ဆိုင်ရာက စစ်ဆေးတွေ့ရှိခဲ့သည်။
ဒီးမော့ဆိုမြို့မရဲစခန်းက(ပ) ၄/၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

















