ဗီယက်နမ်မှတ်ပုံတင် ရေနံတင်သင်္ဘောတစ်စင်း ဇန်နဝါရီ ၈ ရက်က ဟောင်ကောင်တွင် မီးလောင်ပေါက်ကွဲ၍ သင်္ဘောသားတစ်ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိကာ နှစ်ဦး ပင်လယ်တွင်း ပျောက်ဆုံးနေသည်။
ဟောင်ကောင်တောင်ပိုင်းကမ်းခြေတွင် ကျောက်ချရပ်နားပြီး ဆီဖြည့်ရန် ပြင်ဆင်နေစဉ် မီးလောင်မှုဖြစ်၍ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ သင်္ဘောသားများ ရေထဲခုန်ချ၍ ကယ်ဆယ်ခဲ့ရကြောင်း၊ မီးလောင်မှုကို မီးသတ်ရေယာဉ်များနှင့် ငြိမ်းသတ်ခဲ့ကြောင်း ဟောင်ကောင်ရေကြောင်း မီးသတ်ဌာနကြီးမှူးက ပြောဆိုသည်။
ပေါက်ကွဲမှုကြောင့် သင်္ဘောသား ၂၅ ဦး လိုက်ပါလာပြီး မီတာ ၁၄၀(ပေ ၄၆၀)ရှည်သည့် ရေနံတင်သင်္ဘောသည် ၃၀ ဒီဂရီ တိမ်းစောင်းသွားကြောင်း၊ ဆီဖြည့်ဆိပ်ခံလည်း ပျက်စီးသွားကြောင်း သိရသည်။
တန် ၁၁၀ဝ၀ ရှိ သင်္ဘောသည် ဟောင်ကောင်မှနေ၍ တရုတ်တောင်ပိုင်း ဒေါင်ဂွန်းဆိပ်ကမ်းသို့ သွားရောက်ရန် ပြင်ဆင်ထားကြောင်း စီအင်န်အင်န်က ဖော်ပြခဲ့သည်။
သင်္ဘောပေါ်တွင် နေရာအများစု၌ ရေနံများမပါရှိ်ကြောင်းလည်း သိရပြီး ဟောင်ကောင် ပတ်ဝန်းကျင်ကာကွယ်ရေးဌာနက ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့်ပတ်သက်၍ လတ်တလော မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

















