သြစတြေးလျနိုင်ငံ၊ မြိ်ု့တော်ကင်ဘာရာနှင့် မဲလ်ဘုန်းမြို့များရှိ နိုင်ငံခြားကောင်စစ်ဝန်ရုံးများသို့ သံသယဖြစ်ဖွယ် ပါဆယ်ထုပ်များ ရောက်ရှိခဲ့ခြင်းကို သြစတြေးလျရဲတပ်ဖွဲ့က ဇန်နဝါရီ ၉ ရက်၌ စုံစမ်းစစ်ဆေးနေသည်။
ယင်းမြို့များရှိ ဗြိတိန်၊ ဆွစ်ဇာလန်၊ အမေရိကန်နှင့် ပါကစ္စတန် အပါအဝင် ကောင်စစ်ဝန်ရုံးများစွာတွင် ယင်းအဖြစ် ဖြစ်ပျက်ခဲ့ခြင်းဖြစ်ကြောင်း မဲလ်ဘုန်းမီးသတ်တပ်ဖွဲ့အကြီးအမှူးက ပြောဆိုသည်။
ပါဆယ်ထုပ်များကို စုံစမ်းစစ်ဆေးနေပြီ ဖြစ်ကြောင်း သြစတြေးလျရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
အဖြစ်အပျက်သည် လူထုလူတန်းစားအများအပြားကို သက်ရောက်မှုမရှိစေရန် ပစ်မှတ်ထားဆောင်ရွက်ခြဲ့ခင်း ဖြစ်ကြောင်း မဲလ်ဘုန်းရဲတပ်ဖွဲ့က ပြောဆိုသည်။
အိန္ဒိယ၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ ဂရိနှင့် အီတလီကောင်စစ်ရုံးများ၌ မီးသတ်ကားနှင့်အရေးပေါ်ဝန်ထမ်းများ ရောက်ရှိခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း ဒေသခံမီဒီယာများက ပြောဆိုခဲ့့သည်။
ကျောက်ဂွမ်းများပါဝင်ကြောင်း စာတန်းထိုးထားသည့်စာအိတ်ငယ်တစ်အိတ် မဲလ်ဘုန်းရှိ ဆွစ်ကောင်စစ်ရုံးသို့ ရောက်ရှိခဲ့ကြောင်း၊ ၄င်းကိုအိတ်တစ်အိတ်ထဲထည့်ပြီး အရေးပေါ်ဌာနသို့အကြောင်းကြားခဲ့၍ လာရောက်ယူငင်သွားကြောင်း ကောင်စစ်ဝန်၏ဇနီးက ပြောဆိုခဲ့သည်။
မဲလ်ဘုန်းရှိ အမေရိကန်ကောင်စစ်ရုံးကလည်း အလားတူအခြေအနေတစ်ရပ် ရင်ဆိုင်ခဲ့ရကြောင်း ပြောဆိုခဲ့သည်။
ယခုအဖြစ်များသည် ဇန်နဝါရီ ၇ ရက်က ဆစ်ဒနီရှိ အာဂျင်တီးနားကောင်စစ်ရုံးတွင် အဖြူရောင်အရာဝတ္ထုများ ပါဝင်သည့် သံသယဖြစ်ဖွယ် စာအိတ်တစ်အိတ် တွေ့ရှိခဲ့ရ၍ ရုံးကိုတစ်စိတ်တစ်ပိုင်း ယာယီပိတ်ပစ်ခဲ့သည့်နောက်တွင် ဆက်တိုက် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
အာဂျင်တီးနားကောင်စစ်ရုံးမှ စာအိတ်ကို စစ်ဆေးခဲ့ရာတွင် လူကိုအန္တရာယ်ပြုနိုင်သည့် အရာများ မပါဝင်ကြောင်းလည်း သိရသည်။

















