သမ္မတထရမ့်က ရုပ်သံမှတစ်ဆင့် နယ်စပ်တံတိုင်းရန်ပုံငွေထပ်မံတောင်းခံ

သမ္မတထရမ့်က ရုပ်သံမှတစ်ဆင့် နယ်စပ်တံတိုင်းရန်ပုံငွေထပ်မံတောင်းခံ

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ဇန်နဝါရီ ၈ ရက်၌ ရုပ်သံမှတစ်ဆင့် နိုင်ငံသို့မိန့်ခွန်းပြောကြားရာတွင် လူသားချင်းစာနာမှုနှင့် လုံခြုံရေးအကျပ်အတည်း မြင့်တက်နေခြင်းကြောင့် မက္ကဆီကိုနယ်စပ်၌ တံတိုင်းဆောက်လုပ်ရေး ရန်ပုံငွေ လိုအပ်ကြောင်းထပ်မံထည့်သွင်း တောင်းဆိုခဲ့သည်။

အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းတွင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြောဆိုခဲ့ခြင်းဖြစ်ပြီး ထရမ့် ယခင်ခြိမ်းခြောက်ထားသည့် လွှတ်တော်ကိုရှောင်ဖယ်၍ အမျိုးသားအရေးပေါ်အခြေအနေကြေညာကာ တံတိုင်းတည်ဆောက်ရန်မူ ထည့်သွင်း ပြောဆိုခြင်း မရှိပေ။

လွှတ်တော်တွင် နယ်စပ်တံတိုင်းရန်ပုံငွေအငြင်းပွားမှုကြောင့် ဘတ်ဂျက်အတည်ပြုချက်မရဘဲ အစိုးရယန္တားအချို့ ရပ်ဆိုင်းနေရသည်မှာ ၁၈ ရက်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယင်းသည် ဒီမိုကရက်တစ်တို့ကြောင့်သာဖြစ်ကြောင်း ထရမ့်က အပြစ်ဖို့ခဲ့သည်။
    လူဝင်မှုအရေးသည် အကျပ်အတည်းအားလုံးတို့၏ အချက်အချာဖြစ်ကြောင်း၊ နယ်စပ်မှ အထောက်အထားမဲ့ ဝင်ရောက်သူများကြောင့် ရာဇဝတ်မှုများတိုးပွားကာ အမေရိကန်အားလုံး ထိခိုက်နိုင်ကြောင်း၊ မက္ကဆီကိုနှင့် ကုန်သွယ်ရေး သဘောတူညီမှုအသစ်အရ တံတိုင်းရန်ပုံငွေအချို့ သွယ်ဝိုက်ရရှိမည် ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။
    သမ္မတထရမ့်၏ပြောဆိုချက်အပေါ် အောက်လွွှတ်တော်ဥက္ကဌနန်စီပဲလိုစီက သမ္မတထရမ့်သည်သာ အကျပ်အတည်းများ၏ ဖန်တီးရှင်ဖြစ်ကြောင်း တုံ့ပြန်စွပ်စွဲလိုက်ပြီး အစိုးရယန္တရားရပ်ဆိုင်းမှု အဆုံးသတ်ရန် ဘတ်ဂျက်မူကြမ်းကို အတည်ပြုစေလိုကြောင်း တောင်းဆိုလိုက်သည်။

ကုန်သွယ်ရေးကိစ္စအပါအဝင် ထရမ့်ပြောဆိုချက် အချို့သည် အငြင်းပွားဖွယ်ဖြစ်ကြောင်း ဝေဖန်သူအများအပြားလည်း ရှိသည်။
    သက်တမ်းဝက်ရွေးကောက်ပွဲအပြီး အောက်လွှတ်တော်ကိုထိန်းချုပ်နိုင်ခဲ့သည့် ဒီမိုကရက်တို့က နယ်စပ်တံတိုင်းတည်ဆောက်ရေးရန်ပုံငွေ မပါဝင်သည့် ဘတ်ဂျက်မူကြမ်းကိုသာ တင်သွင်းခဲ့ပြီး သမ္မတထရမ့်က အတည်ပြုခြင်းမရှိ၍ အမေရိကန်အစိုးရဝန်ထမ်း ရှစ်သိန်းခန့် လစာမရသည်မှာ သုံးပတ်ပြည့်လုနီးဖြစ်သည်။
    ထရမ့်က ဒီမိုကရက်များကို နိုင်ငံရေးအရလော်လည်သူများဟု ကင်ပွန်းတပ်ခဲ့ပြီး တံတိုင်းအရေးအတွက် အိမ်ဖြူတော်သို့ ထပ်မံလာရောက်ဆွေးနွေးရန်လည်း တောင်းဆိုခဲ့သည်။