တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ မူလတန်းကျောင်းဝင်းအတွင်း ဇန်နဝါရီ ၈ ရက်က အသက် ၄၉ နှစ်အရွယ် အမျိုးသားတစ်ဦးက တူနှင့်လိုက်ထုသဖြင့် ကလေး ၂၀ ဒဏ်ရာရရှိသွားခဲ့သည်။
ကလေး သုံးဦးသည် ဒဏ်ရာပြင်းထန်သော်လည်း အသက်အန္တရာယ် မစိုးရိမ်ရဟု အခင်းဖြစ်ပွားခဲ့သည့် ဆီချန်းခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ဝေပို ဆိုရှယ်မီဒီယာ စာမျက်နှာတွင် ဖော်ပြထားသည်။
တူဖြင့် လိုက်ထုသူကို အခင်းဖြစ်ပွားရာမှာပင် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။ ထိုသူ၏ အမည်ကို ကျီယာဟုသာ သိရပြီး အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှတစ်ဆင့် ကျောင်းတွင် အထွေထွေ ပြုပြင်ထိန်းသိမ်းရေးအလုပ်ကို ရရှိခဲ့ခြင်းဖြစ်သည်။
ယခုလကုန်တွင် အလုပ်စာချုပ် သက်တမ်းပြည့်မည်ဖြစ်ပြီး ကျောင်းက ၎င်းကို သက်တမ်းတိုး ခန့်ထားခြင်းမရှိကြောင်းလည်း သိရသည်။
အလုပ်ဆက်ခန့်ထားခြင်း မရှိမှုကို မကျေနပ်သဖြင့် အလုပ်လုပ်ရာတွင် သုံးသောပေါင်တူဖြင့် စာသင်ခန်းအတွင်းဝင်ကာ ကျောင်းသားများကို လိုက်ထုခြင်းဖြစ်သည်။
အခင်းဖြစ်ပွားခဲ့သော ပေကျင်း ဟွမ်ဝူ အမှတ် ၁ တွဲဖက်ကျောင်းကို ၁၉၀၈ ခုနှစ်က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသား ၂၅၃၇ ဦး၊ ဆရာ ၁၉၉ ဦးရှိကြောင်း ကျောင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံတစ်ဝန်း ကျောင်းဝင်းအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သဖြင့် ကျောင်းအများအပြားသည် လုံခြုံရေးများ တိုးမြှင့်ထားရှိသည်။
၂၀၁၀ ပြည့်နှစ်က ကျောင်းဝင်းအပေါက်ဝတွင် ဓားဖြင့် လိုက်ခုတ်သူကြောင့် ကလေး ၂၀ နီးပါး သေဆုံးခဲ့သည်။
ပြီးခဲ့သည့်နှစ် ဧပြီကလည်း နိုင်ငံ အနောက်မြောက်ပိုင်း ကျောင်းတစ်ကျောင်းတွင် ကျောင်းသားဟောင်းတစ်ဦးက ဓားဖြင့် ဝင်ခုတ်မှုကြောင့် ကိုးဦး သေဆုံးခဲ့ရသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာကလည်း နိုင်ငံ အရှေ့မြောက်ပိုင်း မူကြိုကျောင်း ကလေးအုပ်ထဲသို့ ကားဖြင့် အတင်းဝင်တိုက်မှုကြောင့် ငါးဦး သေဆုံးခဲ့ရသည်။

















