ဗျူဟာသစ်အပေါ် အခြေခံသည့် စစ်ရေးလေ့ကျင့်မှုများပြုလုပ်မည်ဖြစ်ကြောင်း ထိုင်ဝမ်(တရုတ်တိုင်ပေ) ထုတ်ပြန်

ဗျူဟာသစ်အပေါ် အခြေခံသည့် စစ်ရေးလေ့ကျင့်မှုများပြုလုပ်မည်ဖြစ်ကြောင်း ထိုင်ဝမ်(တရုတ်တိုင်ပေ) ထုတ်ပြန်

ယခုနှစ်အတွင်း စစ်သည်နှင့်လက်နက်အင်အားများစွာပါဝင်ပြီး ဗျူဟာသစ်ပြောင်းလဲထားသော စစ်ရေးလေ့ကျင့်မှုများကိုပြုလုပ်မည်ဖြစ်ကြောင်း ထိုင်ဝမ်(တရုတ်တိုင်ပေ) စစ်တပ်က ဇန်နဝါရီ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်(တရုတ်တိုင်ပေ) လက်နက်ကိုင်တပ်ဖွဲ့များသည် စစ်ရေးလေ့ကျင့်မှုများကို ပုံမှန်ပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင်မူ ထိုင်ဝမ်(တရုတ်တိုင်ပေ) ကို တရုတ်က ကျူးကျော်လာပုံကို ခုခံသည့် ဗျူဟာသစ်များအပေါ် အခြေခံကာ စစ်ရေးလေ့ကျင့်မှုများကိုပြုလုပ်မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ စစ်မဟာဗျူဟာစီမံရေးဌာနအကြီးအကဲ ဗိုလ်ချုပ် ယဲကူဟူက ပြောဆိုခဲ့သည်ဟု နိုင်ငံပိုင်ဗဟိုသတင်းဌာနကဖော်ပြခဲ့သည်။
    ၁၉၄၉ ခုနှစ် တရုတ်ပြည်တွင်းစစ်အတွင်း ပြည်မကြီးမှ ခွဲထွက်ခဲ့သည့် ထိုင်ဝမ်(တရုတ်တိုင်ပေ) သည် ၎င်းတို့ပိုင်နယ်မြေဖြစ်ပြီး တစ်ချိန်ချိ်န်တွင် ပြည်မကြီးနှင့်ပြန်လည်ပေါင်းဆုံမည်ဖြစ်ကာ လိုအပ်ပါက အင်အားသုံးမည်ဖြစ်ကြောင်း တရုတ်က ပြောဆိုထားပြီးဖြစ်သည်။ 
ပြည်ပအင်အားစုများက ဝင်ရောက်စွက်ဖက်လာပါက ထိုင်ဝမ်(တရုတ်တိုင်ပေ) ကို အင်အားသုံးသိမ်းပိုက်မည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ဇန်နဝါရီ ၂ ရက်တွင်ပြောဆိုခဲ့သည်။ 
ရှီကျင့်ဖျင်သည် မိန့်ခွန်းတွင် အမေရိကန်ပြည်ထောင်စု၏အမည်ကို ထည့်သွင်းပြောဆိုခြင်းမပြုခဲ့သော်လည်း အမေရိကန်သည် တရုတ်တိုင်ပေအား စစ်လက်နက်များအဓိကထောက်ပံ့နေသည့် နိုင်ငံဖြစ်ကာ ထိုင်ဝမ်(တရုတ်တိုင်ပေ) ကို ကျူးကျော်လာသူများကို တိုက်ခိုက်ရန်လည်း စာချုပ်ချုပ်ဆိုထားသည့် နိုင်ငံလည်းဖြစ်နေသည်။
    စစ်သည်အင်အား သုံးသန်းရှိပြီး စစ်ရေးအသုံးစရိတ် ဒေါ်လာ ၁၇၃ ဘီလျံရှိသည့် ကမ္ဘာ့ဒုတိယမြောက်ကာကွယ်ရေးအသုံးစရိတ်အများဆုံးဖြစ်သော တရုတ်သည် ထိုင်ဝမ်(တရုတ်တိုင်ပေ) ထက် စစ်ရေးတွင် အစစအရာရာသာလွန်နေသည်။ 
ရှီသည်လည်း လွတ်လပ်ရေးလိုလားသော ထိုင်ဝမ်(တရုတ်တိုင်ပေ) သမ္မတဆိုင်အင်ဝန်ကို နည်းလမ်းမျိုးစုံဖြင့် ဖိအားပေးနေသည်။
    တရုတ်သည် ထိုင်ဝမ်(တရုတ်တိုင်ပေ) တည်ရှိနေသည်ဆိုသည့်အချက်ကို လက်ခံရမည်ဖြစ်ကြောင်း ဆိုင်က ရှီ၏မိန့်ခွန်းကိုတုံ့ပြန်ခဲ့သည်။