မက္ကဆီကိုအစိုးရအရာရှိကြီးများ၏လစာကိုလျှော့ချပေးရန် သမ္မတတောင်းဆိုမှု တရားလွှတ်တော်ချုပ်သဘောတူ

မက္ကဆီကိုအစိုးရအရာရှိကြီးများ၏လစာကိုလျှော့ချပေးရန် သမ္မတတောင်းဆိုမှု တရားလွှတ်တော်ချုပ်သဘောတူ

မက္ကဆီကိုတရားလွှတ်တော်ချုပ်သည် ချွေတာရေးလမ်းစဉ်ကျင့်သုံးလိုသည့် သမ္မတသစ် အန်ဒရေစ် မဲနူယယ် လိုပက်ဇ် အော်ဘရာဒေါ၏ တောင်းဆိုမှုကိုလိုက်လျောပြီး အဆင့်မြင့်အစိုးရအရာရှိများ၏လစာကို ၂၅ ရာခိုင်နှုန်းဖြတ်တောက်ရန် သဘောတူညီလိုက်ပြီဖြစ်သည်။

အစိုးရအရာရှိကြီးများသည် သန်းကြွယ်သူဌေးများကဲ့သို့ နေထိုင်နေပြီး တရားသူကြီးများသည် တစ်နှစ်ဝင်ငွေ ဒေါ်လာ ၃၆၀ဝ၀ဝ ခန့်ရရှိကာ ကြွယ်ဝနေကြကြောင်း သမ္မတလိုပက်ဇ် အော်ဘရာဒေါက ပြောဆိုခဲ့သည်။ 
သို့သော် တရားလွှတ်တော်ချုပ်က တရားသူကြီးများသည် သမ္မတပြောဆိုသည့် ပမာဏ၏ထက်ဝက်ခန့်လောက်ပင် ဝင်ငွေမရရှိကြောင်းပြောဆိုခဲ့သော်လည်း ၎င်းတို့၏ခံစားခွင့်နှင့် ဆုကြေးငွေပမာဏတို့ကိုမူ ထုတ်ပြန်ပေးခြင်းမပြုခဲ့ချေ။
    တရားရေးကဏ္ဍသည် အစိုးရအဖွဲ့၏လွတ်လပ်သော မဏ္ဍိုင်တစ်ခုဖြစ်သောကြောင့် အစိုးရဝန်ထမ်းတစ်ဦးသည် သမ္မတထက် လစာပိုမိုရရှိစေခြင်းမရှိရဟု သတ်မှတ်ထားသည့် စည်းမျဉ်းနှင့် အကျုံးမဝင်ကြောင်း တရားလွှတ်တော်ချုပ်ကပြောဆိုခဲ့သည်။
    လိုပက်ဇ် အော်ဘရာဒေါသည် ဒီဇင်ဘာ ၁ ရက်တွင် သမ္မတအဖြစ်ကျမ်းသစ္စာကျိ်န်ဆိုပြီးနောက် နှစ်စဉ်ရရှိငွေကို  ဒေါ်လာ ၆၀ဝ၀ဝ၀အထိ လျှော့ချခဲ့သည်။ ချမ်းသာသောအစိုးရနှင့် ဆင်းရဲသော ပြည်သူ အတူယှဉ်တွဲနေထိုင်လို့မဖြစ်နိုင်ကြောင်း သမ္မတကပြောဆိုခဲ့ပြီးဖြစ်သည်။
    အစိုးရဝန်ထမ်းများ သမ္မတထက်လစာပိုမကောင်းစေရဟု လိုပက်ဇ် အော်ဘရာဒေါက ပြောဆိုခဲ့ခြင်းကို ပြန်လည်သုံးသပ်ပေးရန် ဗဟိုဘဏ်က တရားလွှတ်တော်ချုပ်ကို လျှောက်ထားခဲ့ရာ တရားလွှတ်တော်ချုပ်က အထက်ပါအတိုင်းဆုံးဖြတ်ပေးခဲ့ခြင်းဖြစ်သည်။ 
အစိုးရဝန်ထမ်းများ သမ္မတထက်လစာပိုမကောင်းစေရဆိုသည့် အချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၇ တွင်ဖော်ပြထားပြီးဖြစ်ကာ ယင်းဥပဒေကို လျစ်လျူရှုထားကြခြင်းဖြစ်ကြောင်း သမ္မတကပြောဆိုခဲ့သည်။