ဗီယက်နမ်အစိုးရဆန့်ကျင်ရေးပို့စ်များကို ဖေ့စ်ဘွတ်ခ်၌ ဖော်ပြခွင့်ပြုခဲ့သည့်အတွက် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီသည် ဆိုက်ဘာလုံခြုံရေးဥပဒေကိုချိုးဖောက်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၉ ရက်တွင်ဖော်ပြခဲ့သည်။
ဗီယက်နမ်အစိုးရနှင့်နိုင်ငံတော်ကိုဆန့်ကျင်သည့် စာမျက်နှာများကို ဖယ်ရှားပေးရန် တောင်းဆိုမှုကို ဖေ့စ်ဘွတ်ခ်က တုံ့ပြန်ခြင်းမပြုခဲ့ကြောင်း ဗီယက်နမ်သတင်းဌာနက ဖော်ပြခဲ့သည်။ အစိုးရများက တရားမဝင်အကြောင်းအရာများကို အသိပေးတိုင်ကြားနိုင်ရန် ဖေ့စ်ဘွတ်ခ်သည် ရှင်းလင်းသော လုပ်ငန်းစဉ်တစ်ခုချမှတ်ပေးထားပြီး ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ၏စည်းမျဉ်းများ၊ ဒေသခံဥပဒေများနှင့်ယင်းတောင်းဆိုမှုများကို သုံးသပ်လေ့ရှိကြောင်း ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ၏ပြောခွင့်ရှိသူကပြောဆိုခဲ့သည်။
အစိုးရအပေါ် အကြည်ညိုပျက်စေသည့် ပို့စ်များ၊ အစိုးရဆန့်ကျင်ရေးလှုံ့ဆော်သည့် ပို့စ်များ၊ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကိုနာမည်ဖျက်သည့် ပို့စ်များတင်နေသည့် ပုဂ္ဂလိကအကောင့်များကိုလည်း ဖေ့စ်ဘွတ်ခ်က ခွင့်ပြုထားကြောင်း ဗီယက်နမ်သတင်းနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြခဲ့သည့် အဆိုပါအကြောင်းအရာများသည် ဗီယက်နမ်၏ ဆိုက်ဘာလုံခြုံရေးဥပဒေနှင့် အင်တာနက်အသုံးပြုမှုဆိုင်ရာစည်းမျဉ်းများကို ချိုးဖောက်နေကြောင်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်ကို နိုင်ငံပိုင်သတင်းစာက ကိုးကားဖော်ပြခဲ့သည်။
ဇန်နဝါရီ ၁ ရက်တွင် စတင်သက်ရောက်ခဲ့သည့် ဆိုက်ဘာလုံခြုံရေးဥပဒေအရ နည်းပညာကုမ္ပဏီများသည် ဗီယက်နမ်တွင် ရုံးခန်းများဖွင့်လှစ်ပြီး သတင်းအချက်အလက်များကို ဗီယက်နမ်နိုင်ငံတွင်း၌သာ သိုလှောင်ထားရှိရမည်ဖြစ်သောကြောင့် ဖွံ့ဖြိုးမှုနှင့် ဖန်တီးမှုများကိုထိခိုက်စေကာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုလည်း ခြိမ်းခြောက်နေကြောင်း နည်းပညာကုမ္ပဏီကြီးများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများကပြောဆိုခဲ့သည်။
ဥပဒေကြောင့် အာဏာပိုင်များသည် အသုံးပြုသူများ၏ကိုယ်ရေးအချက်အလက်များကိုသိမ်းဆည်းခွင့်နှင့် ဒေသခံဝန်ထမ်းများကိုဖမ်းဆီးခွင့်ရှိလာနိုင်ကြောင်း ကုမ္ပဏီအရာရှိများက ပြောဆိုခဲ့သည်။
ဖေ့စ်ဘွတ်ခ်သည် အကောင့်အတုများနှင့်ပတ်သက်၍ ဗီယက်နမ်လုံခြုံရေးဌာနများကို သတင်းပေးပို့ရန်လည်း ပျက်ကွက်ခဲ့ကြောင်း ဇန်နဝါရီ ၉ ရက်ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့ပြင် ကြော်ငြာရငွေများနှင့်ပတ်သက်၍ ဖေ့စ်ဘွတ်ခ်အပေါ် အခွန်ကောက်ခံရန်လည်း သတင်းနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက စဉ်းစားနေပြီဖြစ်သည်။

















