မူဆယ်မြို့၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် ထိန်းချုပ်ဓါတုပစ္စည်းများ သိုလှောင်ထားသည့် ဂိုထောင်ကို သက်ဆိုင်ရာက ဇန်နဝါရီ ၈ ရက်တွင် ကွင်းဆက်သတင်းအရ ဝင်ရောက် စီးနင်းခဲ့သည်။
မူဆယ်မြို့နယ် ဟိုနောင်ကျေးရွာလမ်းခွဲ၌ တွမ်ရင်ရိန်းမောင်းနှင်ပြီး ရန်ဆိုင်လျန်လိုက်ပါလာသောIsuzu ၁၂ ဘီးယာဉ်အား သက်ဆိုင်ရာက ဇန်နဝါရီလ ၅ ရက် နံနက် ၉ နာရီခွဲခန့်တွင်စစ်ဆေးခဲ့သည်။
အဆိုပါယာဉ်ပေါ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် ကဖင်းအမှုန့် ၄၂၅၀ ကီလို၊ အမိုနီယမ်ကလိုရိုဒ်အမှုန့် ၁၇၅၀ ကီလိုနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းကိရိယာများ သိမ်းဆည်းရမိခဲ့သဖြင့် တွမ်ရင်ရိန်းနှင့် ရန်ဆိုင်လျန်တို့အား အမှုဖွင့်စစ်ဆေးခဲ့သည်။
၎င်းတို့အား စစ်ဆေးချက်များအရ ယင်းအမှုမှ သိမ်းဆည်းရမိသည့် ပစ္စည်းများကို မူဆယ်မြို့နယ်၊ တိန်းလုံကျေးရွာ၊ သောက်ရေသန့်စက်ရုံအနောက်ဘက်ရှိ ခြံဝင်းအတွင်းမှ သယ်ဆောင်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
အဆိုပါနေရာသို့ ဇန်နဝါရီလ ၈ ရက် ညနေ ၅နာရီခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းဂရှာဖွေခဲ့ရာ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဖန်ပေါင်းချောင်အကြီး ၁၄ လုံး၊ စတီးဘွိုင်လာအိုး ၂ လုံး၊ မွှေစက်အကြီး ၃ လုံး၊ မွှေကန်အကြီး ၃ လုံး၊ စတီးပေါင်းခံအိုး ၁ လုံး၊ ရေအေးပေးစက်အကြီး ၃ လုံး၊ ပလတ်စတစ်မွှေကန်အကြီး ၃ လုံး၊ ရေပူပေးအခြောက်ခံစက်အကြီး ၅ လုံး၊ အလျား ၃ ပေ၊ အနံ ၇ ပေခန့်ရှိ အထပ်သားသေတ္တာဖြင့်ထည့်လျက် ပစ္စည်းအမျိုးအမည်(စိစစ်ဆဲ) ၁ လုံး၊ တရုတ်အက္ခရာနှင့် U 18671 နံပါတ်ပါ ၁၂ ဘီးယာဉ်နောက်ခန်းအတွင်း ပလတ်စတစ်ပုံးများဖြင့်ထည့်ထားသည့် အီသိုင်းအီသာ ၈၉၆၀ လီတာ၊ မက်သနော ၂၀၈၀ လီတာတို့အား ထပ်မံသိမ်းဆည်းရမိခဲ့သောကြောင့် ဆက်စပ်တရားခံများအား ဖမ်းဆီးရမိရန် ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။

















