မအူပင်မြို့နယ်တွင်အပေါင်ဆိုင်သို့ရွှေဝယ်ဘောက်ချာနှင့်အတူ ဆွဲကြိုးအတု လာပေါင်သူ အမျိုးသမီးအား ဇန်နဝါရီ ၉ ရက်က ဖမ်းဆီးခဲ့သည်။
အဆိုပါနေ့ မွန်းလွဲ ပိုင်းတွင် မအူပင်မြို့နယ် မလက်တိုကျေးရွာရှိ အပေါင်ဆိုင်တစ်ဆိုင်သို့ အလေးချိန် ၃ မတ် ၁ ရွေးခန့် ရှိရွှေဆွဲကြိုး ၁ကုံးအား ရွှေဝယ်ယူထားသည့် ဘောက်ချာနှင့်အတူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က လာရောက်ပေါင်နှံခဲ့သည်။
၎င်းတို့လာပေါင်သည့် ရွှေဆွဲကြိုးကို စစ်ဆေးနေချိန်တွင် အမျိုးသားမှာ ဆိုင်ပြင်သို့ထွက်သွားခဲ့သည်။ လာရောက်ပေါင်နှံသည့် ရွှေဆွဲကြိုးမှာ အတုဖြစ်နေကြောင်းသိရသဖြင့် အပေါင်ဆိုင်ဝန်ထမ်းက သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ပြီး လာရောက်ပေါင်နှံသူ လှိုင်သာယာမြို့နယ်နေ မစန္ဒာမိုး (ခ) မပြည့်ပြည့်စမ်းအား သက်ဆိုင်ရာက ဖမ်းဆီးခဲ့သည်။
မအူပင်မြို့မရဲစခန်းက (ပ) ၂၂/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၈၆၊ ၄၂၀၊ ၄၁၁ တို့အရ အမှုဖွင့်အရေးယူထားပြီး တိမ်းရှောင်သွားသည့် အမျိုးသားကို ဖမ်းဆီးနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။
















