ရေဆန်ကို လှော်ခတ်ခြင်း (ပြည်သူ့ဝန်ထမ်းတစ်ဦး၏ ဘဝမှတ်တမ်း)

ရေဆန်ကို လှော်ခတ်ခြင်း (ပြည်သူ့ဝန်ထမ်းတစ်ဦး၏ ဘဝမှတ်တမ်း)

(ယခင်တစ်ပတ်မှအဆက်)

ကျိုက်မရောမြို့ပိုင်အဖြစ် တာဝန်ယူပြီးနောက် ခရီးမထွက်ဘဲ ရုံးတက်သည့်နေ့တိုင်းတွင် ကုလားတစ်ဦးကို နေ့စဉ်နေ့တိုင်းလိုပင် ရုံးအတက်လှေကားအနီးတွင် တွေ့ရှိရသည်။ မိမိကို တွေ့သည့်အခါတိုင်း ''ဆလံဆာ့ဖ်' ဟူ၍ပြောပြီး ဆလံပေး၍ နှုတ်ဆက်တတ်သည်။ ကုလားဟုပြောရခြင်းမှာ သူသည် မြန်မာလိုမဝတ်ဘဲ အိန္ဒိယသားများဝတ်ဆင်သည့်အတိုင်း အောက်ပိုင်းတွင် 'ဒိုတီ' နှင့် အပေါ်ပိုင်းတွင် ရှပ်အင်္ကျီလက်ရှည်အဖြူ၊ ခါးတိုဂျာကင်လက်ပြတ် အမည်းရောင်တို့ကို ဝတ်ဆင်ထားပြီးမွတ်စလင်များဆောင်းသော ဦးထုပ်ကိုလည်း ဆောင်းထားသည်။

အရောင်ဖျော့နေပြီဖြစ်သော လက်ကိုင်ကောက်ထီးမည်းတစ်ချောင်းကိုလည်း လက်တွင်ချိတ်ထားသည်။ အစပိုင်းတွင် မိမိသည် သူ့ကိုအမှုသည်တစ်ဦးဟူ၍ အထင်ရှိသဖြင့် စိတ်မဝင်စားမိသော်လည်း ရုံးတက်တိုင်း နေ့စဉ်လိုလို တွေ့လာရသောအခါ စိတ်ဝင်စားမိသဖြင့် ရှေ့ဖတ်စာရေးအားမေးရာ ''အမှုပွဲစားဖြစ်ကြောင်း၊ ကျိုက်မရော-မော်လမြိုင်ကားလမ်းပေါ်ရှိကျေးရွာတစ်ရွာမှဖြစ်ကြောင်း၊ အမှုများကိုဝယ်၍ ကိုယ်စားလှယ်အဖြစ်လည်း ဆောင်ရွက်သူဖြစ်ကြောင်းသိရှိရသည်။ Courts' Manual (တရားရုံးများလက်စွဲ) တွင် 'Touts' ဟူ၍ သုံးနှုန်းထားပြီး ၎င်းတို့ကို သတိထားရန် ရေးသားထားသည်ကိုလည်း တွေ့ရှိရသည်။ အမှုပွဲစားများမှာ အင်္ဂလိပ်ခေတ်ဦးပိုင်းမှစ၍ ရှိခဲ့သည်ဟု ယူဆရသည်။

အင်္ဂလိပ်ဘာသာစကားမှာ ရုံးသုံးဘာသာစကားဖြစ်၍ တိုင်းရင်းသားများအနေဖြင့် နားမလည်ခြင်း၊ အင်္ဂလိပ်တရားရုံးများ၏ လုပ်ထုံးလုပ်နည်းကိုလည်း မသိရှိခြင်း စာမတတ်သူများလည်းရှိခြင်းကြောင့် အမှုသည်များနှင့် တရားရုံးရှေ့ဖတ်စာရေးတို့အကြား ကြားခံဆောင်ရွက်ပေးသူများဖြစ်ပေမည်။ လုပ်ငန်းသဘာဝ၏ လိုအပ်ချက်အရ ပေါ်ပေါက်လာသူများဖြစ်သော်လည်း စီးပွားရေးသဘောဖြင့် အခကြေးငွေယူ၍ လုပ်လာကြသောအခါ ရှေ့ဖတ်စာရေး၊ ရှေ့နေများနှင့်ဆက်သွယ်မှုယူ၍ မသမာမှုများကို ပြုလုပ်လာခြင်းဖြစ်ပေမည်။ ထိုကြောင့် တစ်နေ့တွင် ရုံးအပေါ်ထပ်တရားခွင်ရှေ့တွင် ရှေ့ဖတ်စာရေးနှင့်အမှုလိုက်ရန်လာသော ဂါတ်စာရေးတို့နှင့်အတူမိမိရှိနေစဉ် ရုံးအတက်လှေကားအနီးတွင် မယောင်မလယ်ရပ်နေသော ထိုကုလားအား မိမိက ''ဟေ့ကောင်၊ မင်းကို ရုံးမှာနေ့တိုင်းတွေ့နေရတယ်၊ မင်းဘာလာလုပ်တာလဲ၊ နောက်နေ့ကစပြီး ရုံးမှာမင်းကိုတွေ့ရရင် အချုပ်ခန်းထဲထည့်ရမယ်။ အခုသွားတော့'' ဟုပြောရာ ကုလားလည်း ဆလံပေး၍ ထွက်ခွာသွားရာ နောက်နေ့ရက်များတွင် ၎င်းကုလားကိုတစ်ကြိမ်တစ်ခါမျှ မတွေ့ရတော့ချေ။

တရားခံမှာ မော်လမြိုင်မြို့နယ်ကျေးရွာတစ်ရွာမှဖြစ်ပြီး နွားခုနစ်ကောင်နှင့်အတူ ကျိုက်မရောမြို့နှင့် သိပ်မဝေးလှသော တောလမ်းခရီးတစ်နေရာတွင် ညအချိန်၌ ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ . . .

ကျိုက်မရောမြို့နယ်ရာဇဝတ်တရားသူကြီးအဖြစ်ရှေးဦးစွာတွေ့ကြုံစစ်ဆေးခဲ့ရသည့် အမှုများမှာ ကျိုက်မရော-မော်လမြိုင် ကားလမ်းပေါ်ရှိ ကျေးရွာများမှ ဘင်္ဂလီမျိုးနွယ်များ၏ အပြန်အလှန်စွဲဆိုကြသော၊ ဒုတိယတန်းအာဏာရ ရာဇဝတ်တရားသူကြီးစစ်ဆေးခွင့်ရှိသည့် မကြားဝံ့မနာသာ ဆဲဆိုမှု၊ သာမန်နာကျင်စေမှုနှင့် အိမ်ကျော်နင်းမှုများဖြစ်ပြီး တရားခံများတွင် မိန်းမများလည်း ပါဝင်သည်။ ထိုဒေသရှိ လူမျိုးစုတို့၏ စရိုက်လက္ခဏာတစ်ခုမှာ လိမ်လည်ပြောဆိုခြင်းနှင့်တိုင်တန်းရန်၊ တရားစွဲဆိုရန်ဝန်မလေးခြင်းတို့ဖြစ်ကြောင်း ကြားသိထားသည်။ နောင်တွင် မိမိအတွေ့အကြုံအရလည်း မှန်ကန်ကြောင်း သုံးသပ်တွေ့ရှိရသည်။ ရုံးဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်တချို့၏ ပြောကြားချက်များအရ မိမိ၏နားရွက်ကို မိမိဘာသာ ဘလိတ်ဒါးဖြင့်လှီးပြီး အမှုကြီးအောင်ပင် လုပ်လေ့ရှိကြောင်း၊ မိသားစုဝင်အချင်းချင်းပင် တရားစွဲဆိုရန် ဝန်မလေးကြောင်းလည်း သိရှိရသည်။ မိမိဦးစွာ စစ်ဆေးရသောအမှုနှစ်မှုမှာ အိမ်နီးချင်းမိန်းမချင်း ရန်ဖြစ်ကြရာမှ အပြန်အလှန်စွဲဆိုမှုများဖြစ်ပြီး စွဲဆိုသောပုဒ်မများမှာလည်း ဖော်ပြခဲ့သည့်ပြစ်မှုများဖြစ်သည့် ရာဇဝတ်ပုဒ်မ ၂၉၄၊ ၃၂၃ နှင့် ၄၅၁ တို့ဖြစ်သည်။ အိမ်နီးချင်းမိန်းမချင်း ဆဲဆိုရန်ဖြစ်မှုဖြစ်သော်လည်း တစ်ဖက်နှင့်တစ်ဖက် မိသားစုဝင်ယောကျာ်းနှင့် သားသမီးများတို့ကိုလည်း အားပေးကူညီသူ၊ ကိုယ်တိုင်ပါဝင်သူများအဖြစ် ထည့်သွင်း၍ တရားစွဲဆိုထားကြသည့်အပြင် မိမိဘက်ကိုဆန့်ကျင်ပြီး အခြားတစ်ဖက်အတွက် သက်သေခံကြမည့်သူများကိုပါ တရားခံအဖြစ် ထည့်သွင်းထားသောကြောင့် အပြန်အလှန်စွဲဆိုမှုနှစ်မှုစလုံးတွင် တရားခံများမှာ တစ်ဒါဇင်ကျော်လောက် ရှိနေခြင်းဖြစ်သည်။

ကနဦးစတင်၍ ရန်ပြုခြင်းခံရသူက ရဲတပ်ဖွဲ့သို့တိုင်ကြားနိုင်သည့် ရဲအရေးပိုင်မှုများ ပါဝင်နေသောကြောင့် ရဲတပ်ဖွဲ့ကတရားစွဲတင်သည်ကို ကျန်တစ်ဖက်က ရှေ့နေငှားပြီး တရားရုံးသို့ ဦးတိုက်လျှောက်ထားသော အမှုများဖြစ်သည်။ ကျန်တစ်ဖက်က ရှေ့နေငှား၍ တရားစွဲဆိုသည်ကိုအကြောင်းပြု၍ ရဲတပ်ဖွဲ့က စွဲတင်သော အမှုတွင်လည်း တိုင်ကြားသူ တရားလိုက ရှေ့နေငှားခြင်းဖြစ်သည်။ နှစ်ဖက်ရှေ့နေကြီးများမှာလည်း အင်္ဂလိပ်ခေတ်တွင် ဒုတိယတန်း/တတိယတန်း အမိန့်တော်ရရှေ့နေများဖြစ်ခဲ့ကြပြီး နောင်တွင် အထက်တန်းရှေ့နေဟူ၍ ပြောင်းလဲခေါ်ဝေါ်ခြင်းခံရသူများဖြစ်ကြသော သူတို့မျိုးနွယ်စု၊ သူတို့ဘာသာဝင်၊အသက် ၆ဝ ဝန်းကျင်အရွယ်၊ အနောက်တိုင်းဝတ်စုံဝတ်ထားသော ဗိုက်ပူနံကား၊ ထိပ်ပြောင်အဖိုးကြီးများ ဖြစ်ကြသည်။ ကျိုက်မရောမြို့တွင် ရှေ့နေတစ်ဦးမျှမရှိသဖြင့် နှစ်ဖက်အမှုသည်များက မော်လမြိုင်မှ ရှေ့နေကြီးများကို ငှားရမ်းလာခြင်းဖြစ်သည်။ အမှုစစ်ဆေးကြရာတွင်မူ နှစ်ဖက်ရှေ့နေကြီးများမှာ တစ်ဖက်နှင့်တစ်ဖက် ရန်ဖက်အဖြစ် အသွင်ဆောင်ခြင်း၊ ကန့်ကွက်ခြင်းများ သိပ်မလုပ်ကြသည့်အပြင် မိမိကဲ့သို့အသက်ငယ်ရွယ်သူ၊ အတွေ့အကြုံမရှိသေးသူ၊ မလောက်လေး မလောက်စားတရားသူကြီးကို ပမာမခန့်၊ ဆရာကြီးလေသံဖြင့် ပြောဆိုခြင်းလည်း မရှိကြပေ။ တစ်ခါတစ်ရံတွင် အင်္ဂလိပ်ခေတ်က ထုံးစံအတိုင်း "Your Honour, Sir"စသည့် စကားလုံးများပင် ကြားည§ပ်၍ ပါလာတတ်သည်ကိုတွေ့ရသည်။ အပြန်အလှန်စွဲဆိုကြသော အမှုများတွင် နှစ်ဖက်ရှေ့နေကြီးများက လျှောက်လဲချက်ပေးကြသည်။

ထို့နောက် စီရင်ချက်ချရန်အတွက် အမှုများကို နှစ်ပတ်လောက်ခြား၍ ရက်ချိန်းပေးလိုက်သည်။အမှုနှစ်မှုစလုံးတွင် တရားလို၊ တရားခံများမှာ သည်လူများသာဖြစ်ပြီး တစ်မှုတွင် တရားလိုပြသက်သေများဖြစ်သူများသည် ကျန်တစ်မှုတွင် တရားခံများဖြစ်နေခြင်းသာကွာခြားသည်။ အမှု၏အကြောင်းခြင်းရာများမှာလည်း အတူတူပင်ဖြစ်ရာ မိမိအနေဖြင့် နှစ်ဖက်သက်သေများကို စစ်ဆေးစဉ်ကပင် ကြားနာသိရှိခဲ့ပြီးဖြစ်သဖြင့် သက်သေခံချက်များကို အသေးစိတ်လေ့လာစရာပင် မလိုတော့ပေ။ နှစ်မှုစလုံးတွင် တရားလိုဘက်သက်သေများ၏ ထွက်ဆိုချက်များကို လက်ခံပြီး တရားခံဖြစ်သူ မိသားစုဝင်များကို စွဲချက်တင်ထားသော ပုဒ်မတစ်ခုစီအတွက် ဒဏ်ငွေ ကျပ် ၂ဝဝ စီ တပ်ရိုက်၍ မိသားစုဝင်မဟုတ်သည့် တရားခံများကို တရားသေလွှတ်လိုက်၏။ ဒဏ်ငွေ ကျပ် ၂ဝဝ မှာ ဒုတိယတန်း ရာဇဝတ်တရားသူကြီးတစ်ဦးက ချမှတ်နိုင်သော အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည်။ နှစ်မှုစလုံးတွင် အလားတူ ပြစ်ဒဏ်များချမှတ်ခဲ့ရာ ရန်ဖြစ်သူနှစ်ဖက်မိသားစုအားလုံးကို ပြစ်ဒဏ်ပေးခြင်းဖြစ်သည်။ တစ်မှုစီတွင် ရှေ့နေငှားရခြင်း၊ ခရီးစရိတ်နှင့် သက်သေစရိတ်ကုန်ကျခြင်း၊ ဒဏ်ငွေပေးဆောင်ရခြင်းတို့အတွက် ကုန်ကျငွေမှာ ထောင်ဂဏန်းများ လောက်ရှိမည်ဖြစ်ရာ ထိုခေတ်၏ငွေတန်းဖိုးအရအတော်များသည်ဟုဆိုနိုင်သဖြင့် ကြီးလေးသော ပြစ်ဒဏ်ဖြစ်သည်ဟုဆိုရပေမည်။ အလားတူ အပြန်အလှန်စွဲဆိုကြသော အခြားနှစ်မှုလောက်တွင်လည်း အမှုသည်နှစ်ဖက်စလုံးကို ဒဏ်ငွေတပ်ရိုက်၍ ပြစ်ဒဏ်စီရင်ခဲ့သည်။ ထောင်ဒဏ်ကိုမဖြစ်မနေ ချမှတ်ရမည့်အမှု ဖြစ်လျှင်လည်း ထောင်ဒဏ်တစ်ရက်နှင့် ငွေဒဏ်ကိုချမှတ်သည်။ နောက်ပိုင်းတွင် အလားတူအမှုမျိုး တက်မလာသည့်အပြင် ထိုရှေ့နေကြီးများကိုလည်း မတွေ့ရတော့ပေ။ ဘင်္ဂလီမျိုးနွယ်စုများပါဝင်သော အမှုများလည်း တဖြည်းဖြည်းလျော့နည်းသွားရာ ရပ်ကွက်ထဲတွင် ''ဒီမြို့ပိုင်လက်ထက်ကျမှ ကုလားတွေကိုနိုင်တော့တယ်'' ဟူသော အသံများ ထွက်ပေါ်လာသည်။ထို့နောက် မကြာမီ ဘင်္ဂလီနွယ်ဖွားတစ်ဦး၏ အမှုကိုစစ်ဆေးရသည်။ အမှုမှာ The Essential Supplies and Services Act (အရေးကြီးသော ကုန်ပစ္စည်းများနှင့် ဆောင်ရွက်မှုဆိုင်ရာ အက်ဥပဒေ)၊ ပုဒ်မ ၈ (၃) အရ စွဲဆိုသော အမှုဖြစ်သည်။ ယင်းဥပဒေအရ အာဏာအပ်နှင်းခြင်းခံရသည့် မော်လမြိုင်ခရိုင်ဝန်က ထုတ်ပြန်ထားသော ကျွဲ၊ နွားများ တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်ခြင်းကို ကန့်သတ်သည့်အမိန့်ကို ဖောက်ဖျက်မှုဖြစ်သည်။

မြန်မာနိုင်ငံမှ ကျွဲ၊ နွားများကို နယ်စပ်ဒေသများမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ခိုးထုတ်ခြင်းကို ကာကွယ်ရန် ထုတ်ပြန်ထားသော အမိန့်ဖြစ်သည်။ ထိုအချိန်က ဆောင်းပါး၏ အထက်တစ်နေရာတွင် ဖော်ပြခဲ့ပြီးဖြစ်သည့်အတိုင်း ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ်တို့ကိုဖြတ်၍ ကုန်းလမ်းခရီးဖြင့် ပင်ပန်းစွာသွားရသော ကရင်ပြည်နယ်နှင့် ထိုင်းနိုင်ငံနယ်စပ်ရှိ ''ဖလူး''ဆိုသော ကျေးရွာမှတစ်ဆင့် မြန်မာနိုင်ငံမှ ကျွဲ၊ နွားများကိုထိုင်းနိုင်ငံသို့ ခိုးထုတ်ရောင်းချပြီး ထိုင်းနိုင်ငံမှ အဝတ်အထည်များကို ထိုလမ်းခရီးအတိုင်း မော်လမြိုင်သို့ မှောင်ခိုတင်သွင်းသည့်လုပ်ငန်းစတင်ခါစ အချိန်ဖြစ်သည်။ တရားခံမှာ မော်လမြိုင်မြို့နယ်ကျေးရွာတစ်ရွာမှဖြစ်ပြီးနွားခုနစ်ကောင်နှင့်အတူ ကျိုက်မရောမြို့နှင့် သိပ်မဝေးလှသော တောလမ်းခရီးတစ်နေရာတွင် ညအချိန်၌ ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

အမှုမှာ ထောင်ဒဏ်ခြောက်လအထိသာ ချမှတ်နိုင်သော အမှုဖြစ်၍ တရားခံက ပြစ်မှုကျူးလွန်ကြောင်းဝန်ခံလျှင် မိနစ်အနည်းငယ်အတွင်း ပြီးစီးနိုင်သောအမှုဖြစ်သည်။ သို့သော် တရားခံက ပြစ်မှုမကျူးလွန်ကြောင်း ငြင်းဆိုသဖြင့် နှစ်ဖက်သက်သေများကို စစ်ဆေးရသောကြောင့် အချိန်နှစ်လ သုံးလခန့်ကြာသွားသည်။ တရားခံအား အာမခံဖြင့် အချုပ်လွတ်ထုချေခွင့်မပေးဘဲ စစ်ဆေးခဲ့ခြင်းဖြစ်ရာ တရားခံက အာမခံရရှိရေးအတွက် ကျိုက်မရောမြို့ပေါ်မှ ကားပိုင်ရှင်တစ်ဦးမှတစ်ဆင့် မိမိအားချဉ်းကပ်သည်။ တရားခံအား အာမခံပေးပါရန်၊ ကျိုက်မရောမြို့နယ်အတွင်း သယ်ယူခြင်းဖြစ်ပြီး နယ်စပ်သို့ ခိုးထုတ်ခြင်းမဟုတ်သောကြောင့် ပြစ်ဒဏ်ကိုသက်ည§ာစွာချမှတ်ပါရန်နှင့် နွားများကို ပြန်ပေးပါရန်ပြောရာ မိမိကအမှုစစ်ပြီးမှ အဖြေပေါ်မည်၊ စဉ်းစားပါမည်ဟုသာ ပြောလိုက်သည်။

ထိုအမှုကို စစ်ဆေးနေစဉ်ကာလအတွင်း တစ်နေ့တွင် ကုလားတစ်ယောက် မိမိရုံးခန်းအတွင်းသို့ ဝင်လာပြီးစာအိတ်ငယ်တစ်အိတ်ကို မိမိ၏စားပွဲပေါ်တွင် မိမိ၏ရှေ့၌ချထားသဖြင့် ''ဘာကိစ္စလဲ'' ဟုမေးလိုက်ရာ ထိုနွားအမှုမှ တရားခံကို အာမခံပေးပါရန်နှင့် နွားများကိုပြန်ပေးရန်ဟုပြောသည်။ သူ့ကိုကြည့်ရသည်မှာ သာမန်ကျေးရွာသားတစ်ဦးဖြစ်ပုံရပြီး စိတ်မလုံမလဲဖြစ်နေပုံလည်းရသည်။ မိမိကမသင်္ကာသဖြင့် စာအိတ်ကိုမယူဘဲ စာအိတ်ကိုလှမ်းကြည့်ရာတွင် စာအိတ်ထောင့်၌ ၅ဝဝ ဟူ၍ မြန်မာဂဏန်းကို ခဲတန်ဖြင့်ရေးထားသည်ကို မြင်ရသည်။ လာဘ်ငွေပေးခြင်းဖြစ်ကြောင်း သိရှိလိုက်သဖြင့် မိမိက ''အေး - ဒီကိစ္စက အစိုးရရဲ့ပေါ်လစီနဲ့ ငြိနေတယ်ကွ၊ငါတစ်ယောက်တည်းနဲ့မပြီးဘူး၊ နလက အဖွဲ့နဲ့ဆုံးဖြတ်ရမှာ၊ သူတို့သဘောတူအောင် ငါပြောပေးမယ်၊ ခဏဒီမှာပဲ ထိုင်စောင့်နေဦး'' ဟုပြောပြီး မိမိ၏ ရုံးအကူကိုခေါ်၍ နလကဥက္ကဌနှင့်ရဲမှူးတို့နှင့် အရေးကြီးသောကိစ္စတိုင်ပင်ရန်ရှိ၍ ခေတ္တကြွရောက်ပါရန်လို့ပြောပြီးသွားခေါ်ရန်ခိုင်းလိုက်ပါသည်။ ၎င်းကို ကြည့်ရသည်မှာ စိတ်မလုံမလဲ ဖြစ်နေပုံရသဖြင့် ''အဆင်ပြေအောင်ငါလုပ်ပေးမယ်၊ မင်းကဘယ်ကလဲ၊ တရားခံနဲ့ ဘာတော်တုံး'' စသည်ဖြင့် ၎င်းယုံကြည်စေရန် စကားစမြည်ပြောဟန်ဖြင့်ပြောရာ ၎င်းက ''ဟုတ်ကဲ့ဆရာ၊ အဆင်ပြေအောင်သာလုပ်ပေးပါ၊ အမှုပြီးသွားရင် နောက်ထပ်လာဦးမှာပါ'' ဟု ပြုံးရွှင်စွာဖြင့် ပြန်ပြောပါသည်။ မိမိကလည်း ''အေးကွာ၊ တို့သုံးယောက် ခွဲယူကြရမှာ'' ဟုပြောရာ ယုံကြည်သွားဟန်တူပါသည်။ နလကဥက္ကဌရုံးနှင့် ရဲမှူးတို့မှာ ဝင်းတစ်ဝင်းတည်းအတွင်းရှိကြသဖြင့်ရုံးအကူထွက်သွားပြီးနောက် ၁ဝ မိနစ်လောက်အတွင်း နလကဥက္ကဌဦးစွာရောက်လာပြီး မရှေးမနှောင်းပင် ရဲမှူးရောက်လာပါသည်။ မိမိရုံးခန်းအတွင်း ရဲမှူးဝင်လာလျှင် လာချင်း မထိုင်ရသေးမီပင် မိမိက ''ကဲ-ရဲမှူးကြီးရေ၊ ဟောဒီကုလား ကျွန်တော့်ကို စာအိတ်တစ်အိတ်ပေးပြီး နွားမှုက တရားခံကို လွှတ်ပေးဖို့ ပြောနေတယ်၊ စာအိတ်ကို ကျွန်တော်မကြည့်ရသေးဘူး၊ ဖွင့်ကြည့်ပါဦး'' ဟု ပြောရာ ရဲမှူးက စာအိတ်ကိုဖွင့်ကြည့် လိုက်သောအခါ စာအိတ်ထဲတွင် ငွေကျပ် ၅ဝဝ ပါကြောင်း တွေ့ရှိကြရပါသည်။ ထိုအခါ နလကဥက္ကဌက''ငါxx ကုလား၊ မင်းက ငါ့မြို့ပိုင်ကို ဘာမှတ်နေလဲ'' ဟုဆိုပြီး လက်သီးဖြင့် ထိုးမည်လုပ်ရာ ရဲမှူးကမလုပ်နဲ့ မလုပ်နဲ့ ဗိုလ်ကြီး၊ ဒီကောင်ကို အခုဖမ်းချုပ်ပြီးတရားစွဲမယ်'' ဟုပြော၍ ဂါတ်စာရေးကိုခေါ်ခိုင်းပြီး ငွေ ၅ဝဝ ကို ရှာဖွေပုံစံဖြင့် သိမ်းရန်၊ ပထမသတင်းပေးချက်ဖွင့်ရန်၊ တရားခံအားချုပ်ထားရန် ညွှန်ကြားပါသည်။ (နလကဥက္ကဌမှာဤဆောင်းပါးအထက်တစ်နေရာတွင်ဖော်ပြခဲ့သော ရဲဘော်ဘဝမှ အရာရှိဖြစ်လာသူဖြစ်ပြီး ထိုအချိန်က ဗိုလ်အဆင့်သာရှိသေးသည်။ နောင်တွင် ရာထူးအဆင့်ဆင့်တိုးပြီး စစ်ဆေးရေးကွပ်ကဲမှု အထူးအဖွဲ့မှူး၊ ဒုတိယဗိုလ်ချုပ်ကြီးဖြစ်ပြီးနောက် ဝန်ကြီးဖြစ်သွားသူ ဖြစ်သည်။)

ထိုအမှုကို စစ်ဆေးနေစဉ်ကာလအတွင်း တစ်နေ့တွင်ရဲစခန်းမှူးသည် မော်လမြိုင်သို့ တာဝန်ဖြင့် သွားရောက်ရာမှ ပြန်လာပြီး မိမိအားလာရောက်တွေ့ဆုံ၍ မော်လမြိုင်ထောက်လှမ်းရေးတပ်မှ ဗိုလ်ကြီးက ယင်းအမှုနှင့်ပတ်သက်၍ ပြောခိုင်းသည်ဆိုပြီးလာပြောသည်။ ယင်းအမှုမှ တရားခံမှာ ထိုင်းနိုင်ငံနယ်စပ် 'ဖလူး' ကျေးရွာသို့မှောင်ခိုကုန်ရောင်းဝယ်နေမှုများနှင့်ပတ်သက်၍ သတင်းရရှိရန် ထောက်လှန်းရေးက တာဝန်ပေးထားသူဖြစ် ကြောင်း၊ ယခင်တစ်ခေါက်တွင် နွားတစ်ကောင်ဝယ်ပေးပြီးစေခိုင်းလိုက်ရာ ယခုတစ်ခေါက်တွင် ထောက်လှမ်းရေးကသိရှိခြင်းမရှိဘဲ ၎င်း၏ကိုယ်ပိုင်ငွေဖြင့် နွားများဝယ်ပြီး နယ်စပ်သို့ ယူဆောင်ရန် ထွက်လာစဉ် ဖမ်းမိခြင်း ဖြစ်ကြောင်း၊ ၎င်းတရားခံကို ထောက်လှမ်းရေးက ဆက်လက်သုံးရန်ရှိသဖြင့် အမှုကိုအမြန်ပြီးပြတ်အောင် စစ်ဆေးပေးရေးအတွက် မြို့ပိုင်အား ပြောပေးပါဟု မှာကြားလိုက်ကြောင်း ရဲစခန်းမှူးကပြောပါသည်။

(ဆက်လက်ဖော်ပြပါမည်။)



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021