မြင်းမူမြို့နယ် ပဒတ္တိုင်းကျေးရွာ ရွှေစေတီဘုန်းကြီးကျောင်း ရွှေလိုဏ်ဂူဓမ္မာရုံ၌ ပူဇော်ထားရှိသည့် ကျောက်ဆင်းတုတော် ၂၈ ဆူ ခိုးယူခံရမှုကို သက်ဆိုင်ရာက အမှုဖွင့်စုံစမ်းနေကြောင်း မြင်းမူမြို့နယ် အမှတ်(၂)တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဒေါ်နီလာလွင်က ဇန်နဝါရီ ၁၀ ရက်နေ့က မြန်မာတိုင်း(မ်)ကို ပြောသည်။
ဇန်နဝါရီ ၇ ရက် ညနေ ၅ နာရီခွဲအချိန်က ပဒတ္တိုင်းကျေးရွာနေ အသက် ၇၅ နှစ်အရွယ် ဒေါ်သန်းဌေးက ကျေးရွာမြောက်ပိုင်းရှိ ရွှေစေတီဘုန်းကြီးကျောင်းသို့ သွားရောက်စဉ် ရွှေလိုဏ်ဂူ ဓမ္မာရုံအတွင်းပူဇော်ထားရှိသည့် ကျောက်ဆင်းတုတော် များ ပျောက်ဆုံးနေသည်ကို သတိပြုမိသဖြင့် ကျောင်းထိုင်ဆရာတော်ကို လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ရွှေလှိုဏ်ဂူအတွင်း ပူဇော်ထားသည့် ဉာဏ်တော် (၁)ပေခန့်ရှိ စကျင်ကျောက်ဆင်းတုတော် ၂၃ ဆူ၊ရွှေသင်္ကန်းကပ်လှူထားသော ဉာဏ်တော် (၂)ပေခန့်ရှိ ကျောက်ဆင်းတုတော် (၃)ဆူနှင့် ဓမ္မာရုံ အနောက်ဘက် ပေ ၃၀ အကွာရှိ ချမ်းသာကြီးစေတီလှိုဏ်ဂူအတွင်းရှိ ဉာဏ်တော် ၂ ပေခန့်ရှိ ကျောက် ဆင်းတုတော် ၏ ဦးခေါင်းတော် ၂ဆူ ကာလတန်ဖိုး ကျပ် ၄၆၅၀၀၀၀ ဖိုးခန့်ပျောက်ဆုံးနေ ကျေးရွာအုပ် ချုပ်ရေးမှူးဦးနိုင်ဝင်းက သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။
တောချောင်းဦးနယ်မြေစခန်းက(ပ)၃/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀/၂၉၅ အရ အမှုဖွင့်စုံစမ်း လျက်ရှိသည်။
" ရဲက စုံစမ်းနေတုန်းပါဘဲ ဘုရားတော်တော်များများပါသွားတယ်။ အခုချိန်ထိတော့ တရားခံဖမ်းမိတဲ့ အသံမကြားသေးပါဘူး" ဟု ဒေါ်နီလာလွင်ကပြောသည်။
















