မူးယစ်ဆေးဝါးက ရှမ်းပြည်နယ်အတွင်း စစ်မီးကို ဆက်လက်တောက်လောင်စေဟုဆို

မူးယစ်ဆေးဝါးက ရှမ်းပြည်နယ်အတွင်း စစ်မီးကို ဆက်လက်တောက်လောင်စေဟုဆို

ရှမ်းပြည်နယ်အတွင်း ကျယ်ပြန့်စွာ တည်ရှိနေသော တရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုသည် မြန်မာနိုင်ငံ၏ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ဖြေရှင်းရေးကို နှောင့်နှေးစေသည်ဟု နိုင်ငံတကာ ပဋိပက္ခလေ့လာ စောင့်ကြည့်ရေးအဖွဲ့က (ICG) ယခုသီတင်းပတ်တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

မူးယစ်ဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်းများကို အဓိကရရှိရာဒေသမှာ တရုတ်နိုင်ငံဖြစ်ကြောင်း စစ်မီးနှင့် ရေခဲ (အိုက်စ် မက်သာဖက်တမင်းပုံဆောင်ခဲ) မြန်မာနိုင်ငံရှမ်းပြည်နယ်အတွင်းရှိ ပဋိပက္ခနှင့် မူးယစ်ဆေးဝါးများဟု အမည်ပေးထားသော ၎င်းအစီရင်ခံစာက ဆိုသည်။

လက်ရှိအချိန်တွင် တရားမဝင်မူးယစ်ဆေးဝါးကုန်သွယ်မှုကရရှိသည့် အမြတ်အစွန်းများသည်  အလွန်ကြီးမားပြီး ယင်းက ရှမ်းပြည်နယ်အတွင်း တရားဝင်စီးပွားရေးကဏ္ဍကို ယိုင်နဲ့စေကြောင်းနှင့် ယင်းတရားမဝင် လုပ်ငန်းကပင်ရှမ်းပြည်နယ်၏ နိုင်ငံရေးဘောဂဗေဒ၏ ဗဟိုချက်ဖြစ်လာကြောင်း ဘရပ်ဆဲလ်အခြေစိုက် ICG အဖွဲ့က ထုတ်ပြန်သည့်  အစီရင်ခံစာက ဆိုသည်။

မူးယစ်ဆေးဝါးအဓိက ထုတ်လုပ်ရာနေရာမှာ နေရာများမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်၏အုပ်ချုပ်မှုအောက်တွင်ရှိသော ပြည်သူ့စစ်များ ထိန်းချုပ်ရာဒေသများတွင်တည်ရှိကြောင်း အစီရင်ခံစာက ဆိုသည်။

ထို့ပြင် မူးယစ်ဆေးဝါးရောင်းချရာမှ ရရှိသည့် ငွေများဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းမျာက လက်နက်ခဲယမ်းများ ဝယ်ယူစုဆောင်းကြသည်ဖြစ်ရာ တရားမဝင်မူးယစ်ဆေးဝါး ကုန်သွယ်မှုက နှစ် ၇၀ ကျော် ကြာမြင့်ပြီဖြစ်သည့် ပြည်တွင်းစစ်ကို သက်ဆိုးရှည်စေသည်ဟု အစီရင်ခံစာက ဆိုသည်။

"နိုင်ငံရေးစီးပွားရေးစနစ်သည် တရားမဝင်လုပ်ငန်းတွေအပေါ် ပို၍ အခြေခံလာလေလေ၊ အုပ်စုလိုက် အစီအစဉ်တကျ ကျူးလွန်သည့် ရာဇဝတ်ဂိုဏ်းများ၏ လှုပ်ရှားမှုများ ပိုမိုနက်ရှိုင်းလာလေလေ ဖြစ်သလို၊ အမြတ်အစွန်းများ ပိုရလာလေလေ ၎င်းအခြေအနေများကို ခွဲထုတ်ရန် ပိုမိုခက်ခဲလာ လေလေ ဖြစ်သည်" ဟု အစီရင်ခံစာက ဆိုသည်။

နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများနှင့် လာဘ်ပေးလာဘ်ယူပြုလုပ်နေသည့်  အကျင့်ပျက်ဝန်ထမ်းများအပေါ်ပြင်းပြင်းထန်ထန် အရေးယူသင့်သည်ဟုလည်း အစီရင်ခံစာက တိုက်တွန်းသည်။

တပ်မတော်အနေနှင့်  မူးယစ်ဆေးလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော ပြည်သူ့စစ်များကို ပိုမိုထိန်းချုပ်ရန်နှင့် လိုက်နာမှုမရှိပါက ၎င်းအဖွဲ့များကို လက်နက်ဖြုတ်သိမ်းခြင်းနှင့် တပ်များဖျက်သိမ်းသည်အထိ အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း အစီရင်ခံစာက တိုက်တွန်းသည်။

ထို့ပြင် ပြည်သူ့စစ်များ ပါဝင်ပတ်သက်နေသော မူးယစ်ကုန်သွယ်မှုကို ကူညီ(သို့မဟုတ်) မျက်နှာလွှဲ၍ မသိချင်ယောင်ဆောင် နေသည့် အရာရှိကြီးများကို စုံစမ်းစစ်ဆေးပြီး အရေးယူမှုများ ပြုလုပ်သင့်သည်ဟု အစီရင်ခံစာက တိုက်တွန်းသည်။ ထို့ပြင် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့်ဓာတုကုန်ကြမ်းပစ္စည်းများ ရှမ်းပြည်နယ်တွင်းသို့ ဝင်ရောက်မှုကို တရုတ်နိုင်ငံက ထိရောက်စွာ အရေးယူခြင်းဖြင့် ထိန်းချုပ်ရန် လိုအပ်သည်ဟုအစီရင်ခံစာက ထောက်ပြသည်။

"တရုတ်နိုင်ငံသည် ၎င်း၏ အနောက်တောင်နယ်စပ်တွင် ဖြစ်ပေါ်နေသော တရားမဝင်ရောင်းဝယ်မှုများကို ပိုမိုပြင်းထန်စွာအရေးယူရန် အထူးတာဝန်ရှိသည်။ နယ်စပ်ရှိ 'ဝ'နှင့် မိုင်းလားလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးရောင်းဝယ်ခြင်းနှင့် အခြားရာဇဝတ်မှုများတွင် ပါဝင်ပက်သက်နေမှုကို အဆုံးသတ်စေရန် တရုတ်နိုင်ငံသည် ၎င်းအဖွဲ့များအပေါ် မိမိ၏ သြဇာလွှမ်းမိုးမှုကို အသုံးချသင့်သည်" ဟု အစီရင်ခံစာက ဆိုသည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံန်(CMEC) စီမံကိန်းကတရားမဝင်မူးယစ်ဆေးဝါးကုန်သွယ်မှုကို ရေတိုအချိန် အတိုင်းအတာတစ်ခုအထိ ကျယ်ပြန့်စွာ ဖြစ်ပွားစေနိုင် သည်မှာ စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း အစီရင်ခံစာကဖော်ပြသည်။ CMEC သည် ကီလိုမီတာ ၁,၇၀ဝ ရှည်လျားပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏မြို့တော် ကူမင်းမှ မြန်မာနိုင်ငံစီးပွားရေးဗဟိုချက်များဖြစ်သည့် အလယ်ပိုင်းက မန္တလေး၊ ထိုမှတစ်ဆင့် ရန်ကုန်နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူအထူးစီးပွားရေးဇုန် အထိဆက်သွယ်ဖောက်လုပ်သွားမည့် စီးပွားရေးစင်္ကြံန်လမ်းမကြီးဖြစ်သည်။

ဒေါ်လာသန်းထောင်ချီသည့် တရားမဝင်ကုန်သွယ်ရေးတွင် ပါဝင်ပတ်သက်နေသည့် အဓိက ရာဇဝတ် အုပ်စုများအား ပစ်မှတ်ထားရန်မှာ မလွယ်ကူကြောင်း၊ အကြမ်းဖက်လက်တုံ့ပြန်မှုများ ပေါ်ပေါက်လာနိုင်ကြောင်း အစီရင်ခံစာက ဖော်ပြသည်။ သို့သော် အခြားတစ်ဖက်တွင်လည်း အရေးယူဆောင်ရွက်ခြင်း မရှိပါက ရှမ်းပြည်နယ်သည် ရာဇဝတ်ဂိုဏ်းကြီးများ ခိုလှုံရာဒေသတစ်ခု ဖြစ်လာနိုင်သည်ဟု အစီရင်ခံစာက ထောက်ပြထားသည်။

ဇာဇာစိုး၊ လွင်ဗိုလ်အောင် ဘာသာပြန်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး