ပြည်သူလူထုကို နှစ်ပေါင်းများစွာ မသိလိုက်မသိဘာသာ နှိပ်စက်နေတဲ့အရာတွေအနက် အစားအသောက်မှာပါတဲ့ ဆိုးဆေးတွေကလည်းတစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာ လူအများစုဟာကျန်းမာရေးဆိုင်ရာ အသိပညာတွေကို လေ့လာ လိုက်နာလာကြတယ်ဆိုပေမဲ့ အမြင်အားဖြင့် ရောင်းပန်းလှအောင် ဆိုးဆေးနဲ့ လုပ်ထားတဲ့ အစားအသောက်တွေရဲ့ နောက်ကွယ်က ကပ်ပါလာတဲ့ အန္တရာယ်ကို သတိမထားမိသူတွေက လူအများစု ဖြစ်နေပါတယ်။
အစားအသောက်တွေကို ဝယ်ယူစားသုံးမယ့်သူတွေရဲ့ အမြင်မှာ မျက်စိပသာဒဖြစ်စေပေမဲ့ ဆိုးဆေးမှာ ဘာအာဟာရဓာတ်မှ မပါဝင်ဘဲ စားသုံးမယ့်သူရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ဆိုးကျိုးတွေသာအပြည့် ရှိနေတတ်ပါတယ်။
ရောင်းပန်းလှဖို့အတွက် စားသောက်ကုန်ပစ္စည်း ရောင်းချသူတွေဟာ ဆိုးဆေးကို တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်။ ဒီစားသောက်ကုန်တွေဆိုတာကလည်း လူတွေ နေ့စဉ် စားသောက်ရာမှာ မကင်းနိုင်တဲ့ အစားအသောက်တွေ ဖြစ်နေပြန်ပါတယ်။
အဓိကအားဖြင့် လက်ဖက်၊ ငါးပိ၊ ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်၊ယိုစုံ၊ ပဲနီလေး၊ မျှစ် စတာတွေအပါအဝင် အစားအသောက် အမျိုးမျိုးမှာနဂိုရှိသင့်တဲ့ အရောင်ထက် ပိုနေပြီး စားချင်စဖွယ် ဖြစ်နေပြီဆိုရင် ဆိုးဆေးအစွမ်းကြောင့်လို့ သဘောပေါက်ရမှာပါ။
အန္တရာယ်ကြီးလှတဲ့ ဆိုးဆေးကို ဌာနဆိုင်ရာက တာဝန်ရှိသူတွေ စစ်ဆေးတိုက်ဖျက်နေကြရာမှာ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေး) ဌာနခွဲဟာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ကျန်းမာရေးအဖွဲ့၊ စားသုံးသူရေးရာအဖွဲ့ စတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ ပူးပေါင်းပြီး ဈေးချိုကို ဆိုးဆေးကင်းရှင်းတဲ့ ဈေးဖြစ်ဖို့ ကြိုးပမ်းခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇူလိုင်လမှာ ခွင့်မပြု ဓာတုဆိုးဆေးကင်းစင်တဲ့ ဈေးအဖြစ် ကြေညာနိုင်ခဲ့ပါတယ်။
ဒီလိုဈေးဖြစ်လာနိုင်ဖို့ လုပ်ဆောင်ရာမှာ ခွင့်မပြု ဓာတုဆိုးဆေးသုံးတဲ့ဆိုင်တွေ အများအပြား တွေ့ခဲ့ရပြီး ၂၀၁၆ ခုနှစ်မှာ ခွင့်မပြု ဓာတုဆိုးဆေးပါဝင်တာကြောင့် ဝန်ခံကတိ ရေးထိုးရတဲ့ဆိုင် ၁၆၃ ဆိုင်၊ဒဏ်ရိုက် အရေးယူခြင်း တစ်ဆိုင် ရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ဝန်ခံကတိရေးထိုးခြင်း ဆိုင် ၈၆ ဆိုင်၊ ဒဏ်ငွေတပ် အရေးယူတဲ့ဆိုင်၁၃ ဆိုင် ရှိခဲ့တဲ့နောက် ၂၀၁၈ ခုနှစ်မှာ ဝန်ခံကတိရေးထိုးခြင်းဆိုင် ၂၀ အထိ လျော့ကျလာပါတယ်။ နှစ်အလိုက် လျော့ကျလာတာ ဖြစ်ပါတယ်။
ဒီလိုကြေညာနိုင်ဖို့ နှစ်နှစ်ကျော်ကြာ လုပ်ဆောင်ခဲ့ရတာဖြစ်ပြီးရေရှည် ဆက်လက်ထိန်းသိမ်းနိုင်ဖို့လိုကြောင်း မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ ခွင့်မပြု ဓာတုဆိုးဆေး ကင်းစင်ကြောင်း ကြေညာပြီးနောက် ၂၀၁၈ နှစ်ကုန်ပိုင်းမှာ ဈေးချိုတော်အရောင်းဆိုင် ရှစ်ဆိုင်မှာ ငရုတ်သီးနဲ့ ပုစွန်ခြောက်မှာ ဆိုးဆေးပြန်တွေ့ရလို့ ဓာတုဆိုးဆေးကင်းစင်ကြောင်းအသိအမှတ်ပြုထားတဲ့ လက်မှတ်ကို ပြန်သိမ်းပြီး ဒဏ်ငွေတပ်ရိုက်၊ခံဝန်ထိုးခိုင်းတာတွေ လုပ်ခဲ့ရပါတယ်။
"ကျွန်တော်တို့ကတော့ ၂၀၁၉ မှာလည်း အရှိန်မြှင့်ပြီး ဆက်လုပ်သွားမှာပဲ။ ဈေးချိုအပြင် မန္တလေးမြို့ စည်ပင်နယ်နိမိတ်အတွင်းမှာရှိတဲ့ ဈေးကြီး ခြောက်ဈေးကိုလည်း တစ်ပြိုင်နက်တည်း လုပ်သွားမယ်။ ဈေးအားလုံးကို အားထည့်စစ်ဆေးသွားမယ်"လို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေး) ဌာနခွဲ ဒုတိယညွှန်ကြားရေးမ·း ဒေါက်တာကျော်ကျော်က ပြောပါတယ်။
အောင်မြေသာစံမြို့နယ်က ဆရာစံဈေး၊ နန်းရှေ့ဈေး၊ ချမ်းအေးသာစံမြို့နယ်က ရတနာပုံ (စ) ဈေး၊ မဟာအောင်မြေမြို့နယ်က ဘုရားကြီးဈေး၊ ပြည်ကြီးတံခွန်မြို့နယ်က တံခွန်တိုင်ဈေးနဲ့ ချမ်းမြသာစည်မြို့နယ်က မြရည်နန္ဒာဈေးတို့ကို ရှောင်တခင် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ပညာပေးကာလ ပြီးဆုံးခဲ့ပြီဖြစ်လို့ ခွင့်မပြု ဓာတုဆိုးဆေး သုံးထားတာကိုတွေ့ရင် ပစ္စည်းသိမ်းပြီး ခံဝန်ထိုးစေမယ်လို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေး) ဌာနခွဲ ဦးစီးအရာရှိ ဒေါက်တာသန့်ဇင်ထက်က ပြောပါတယ်။
"ခွင့်မပြု ဓာတုဆိုးဆေးသုံးရင်လည်း ကိုယ့်ပစ္စည်းရဲ့အမြတ်ကဒါပဲ ရှိမှာပဲ။ ဒါပေမဲ့ အရေးယူမှုအပိုင်း ရှိတဲ့အတွက် သတိထားသင့်ပါတယ်။ ဆိုးဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေက အများကြီးရှိတယ်"လို့ ဒေါက်တာသန့်ဇင်ထက်က ပြောပါတယ်။
အစားအသောက်ဆိုးဆေးတွေမှာ သဘာဝဆိုးဆေးနဲ့ ဓာတုဆိုးဆေး (Artificial Dyes) လို့ နှစ်မျိုးတွေ့နိုင်ပါတယ်။ သဘာဝဆိုးဆေးကို သဘာဝအပင်၊ အသီးအပွင့်တို့က ထုတ်လုပ်ထားလို့ လူကို အန္တရာယ် ဖြစ်မှု နည်းပါးပေမဲ့ ထုတ်လုပ်ရန်ခက်ခဲပြီး ကုန်ကျစရိတ်များတဲ့အတွက် ဓာတုဆိုးဆေးကိုသာ သုံးလာကြပါတယ်။ ဓာတုဆိုးဆေးမှာလည်း အစားအသောက်မှာ သုံးစွဲဖို့ ခွင့်ပြုထားတာ ရှိသလို ခွင့်မပြုထားတဲ့ ဆိုးဆေးတွေလည်း ရှိပါတယ်။
မြန်မာနိုင်ငံမှာ အများဆုံးတွေ့ရတဲ့ အစားအသောက်သုံးခွင့်မပြုတဲ့ ဆိုးဆေးတွေအနေနဲ့ အဝါရောင် (Auramine O)၊ အနီရောင် Rhodamine B၊ အနီရောင် Sudan Dyes နဲ့ လိမ္မော်ရောင်(Orange ) တို့ကို တွေ့ရပါတယ်။
ချည်၊ သိုးမွေး၊ ပိုးထည်၊ စက္ကူ၊ သားရေ၊ ဓာတ်ခွဲခန်းသုံး ဖိနပ်စတာတွေကို ဆိုးရာမှာ သုံးတဲ့ဆေးတွေကို လက်ဖက်၊ ငါးပိ၊ ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်၊ ယိုစုံ စတာတွေမှာ သုံးပါတယ်။ ဒါတွေကိုစားရင် ခန္ဓာကိုယ်ကြီးထွားမှုကို ထိခိုက်တာ၊ အသည်းနဲ့ ကျောက်ကပ် ထိခိုက်တာ၊ ကင်ဆာရောဂါ၊ အစာအိမ် အူလမ်းကြောင်းရောင်တာ၊ ပျို့တာ၊ အန်တာ၊ ဦးနှောက်နဲ့ အာရုံကြော ထိုင်းမှိုင်းတာ စတဲ့ ဆိုးကျိုးတွေ ဖြစ်စေပါတယ်။
"အဓိကက ငါးပိ၊ ငရုတ်၊ မျှစ်တို့မှာ တွေ့ရတယ်။ အခု မျှစ်ကတော့အတွေ့ရ တော်တော်ကျသွားပြီ။ မျှစ်ကို သပိတ်ကျင်းဘက်အထိ၊ငါးပိကို ဧရာဝတီတိုင်းဘက်အထိ လိုက်စစ်တယ်။ ငရုတ်သီးကိုလည်းကိုယ်တိုင်ကြိတ်ခွဲ ထုတ်လုပ်လာကြတော့ အခု တော်တော်အဆင်ပြေလာပြီ"လို့ ဒေါက်တာကျော်ကျော်က ပြောပါတယ်။
ဆိုးဆေးပါတဲ့ မျှစ်ကို ရောင်းချတာကြောင့် မန္တလေးမြို့တွင်းမှာ ပိတ်သိမ်းအရေးယူခဲ့ရတဲ့ ဆိုင်တွေ ရှိခဲ့သလို မန္တလေးမြို့ရဲ့ မျှစ်လိုအပ်ချက်ကို အဓိက ဖြည့်ဆည်းပေးနေတဲ့ မန္တလေး - မိုးကုတ်လမ်းတစ်လျှောက်က မျှစ်ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းတွေဆီကိုလည်း စစ်ဆေးတာ၊ ပညာပေးတာတွေကို လုပ်ဆောင်ထားပါတယ်။
"ဈေးတွေအားလုံးကို ရှောင်တခင် စစ်နေတာဆိုတော့ ကျေနပ်မှုရှိပါတယ်။ ဆိုးဆေးက မြန်မာလူမျိုးတွေ အစားများတဲ့ အစားအသောက်တွေမှာ ပါနေတာဆိုတော့ တော်တော်အရေးပါတဲ့ကိစ္စ ဖြစ်နေပါတယ်။ စည်ပင်သာယာနဲ့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ပေါင်းပြီး မျက်ခြည်မပြတ် ဆက်လုပ်သွားမှာပါ" လို့မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်ကပြောပါတယ်။


















