ရခိုင်နှင့် ရှမ်းပြည်နယ်များတွင် ပြီးခဲ့သည့် လကတည်းက ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်ဒေသခံအရေအတွက် ၅,ဝ၀ဝ ကျော် ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (UNOCHA) နှင့် စစ်ရှောင်ဒေသခံများကို အကူအညီပေးနေသည့် အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ စခန်းလေးခုကို ရက္ခိုင့်တပ်မတော် (အေအေ)က ဇန်နဝါရီ ၄ ရက်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ တပ်မတော်ဘက်က တန်ပြန်တိုက်ခိုက်သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်အရေအတွက် မြင့်တက်လာသည်ဟုUNOCHA အဖွဲ့က ထုတ်ပြန်သည်။
မြန်မာ့တပ်မတော်နှင့် အေအေအဖွဲ့တို့အကြားလွန်ခဲ့သည့်လက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့်ရခိုင်ပြည်သူ ၄,၅၀ဝ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း UNOCHA အဖွဲ့၏ ဇန်နဝါရီ ၇ ရက်ထုတ်ပြန်ချက်က ဆိုသည်။ လက်ရှိအချိန်အထိ နှစ်ဖက်တပ်ဖွဲ့များအကြား ထိတွေ့တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း အဆိုပါအဖွဲ့က ဆိုသည်။
"လက်ရှိတွင် နေရပ်စွန့်ခွာသူ ပြည်သူများသည်ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်များရှိ ဘုန်းကြီးကျောင်းများနှင့် အများပြည်သူ စုရပ်များတွင် ခိုလှုံနေရသည်။ စစ်ဘေးရှောင်ပြည်သူများအား ရခိုင်ဒေသရှိ အစိုးရအာဏာပိုင်များ၊ ကြက်ခြေနီတပ်ဖွဲ့၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ဒေသခံများက အစားအစာ၊ ငွေသားနှင့် အခြားကယ်ဆယ်ရေးပစ္စည်းများကို အဓိက ပံ့ပိုးပေးထားသည်"ဟုလည်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇန်နဝါရီ ၄ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးခဲ့ပြီး ကိုးဦး ဒဏ်ရာရရှိခဲ့သည့်အပြင် လက်နက်ငယ်မျိုးစုံ အလက် ၄၀၊ ခဲယမ်းမျိုးစုံ ၁၆,ဝ၀ဝ တောင့်ခန့်နှင့် လက်ကိုင်စကားပြောစက်တစ်လုံး ဆုံးရှုံးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။
ရှမ်းပြည်နယ်၊ မိုင်းပန်မြို့နယ်အတွင်း ဇန်နဝါရီလဆန်းပိုင်းက ဖြစ်ပွားခဲ့သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO) တို့အကြား တိုက်ပွဲများကြောင့် ဒေသခံ ၅၀ဝ ခန့်သည် သံလွင်မြစ်အရှေ့ဘက်ရှိ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်နယ်မြေသို့ တိမ်းရှောင်ခိုလှုံနေကြရသည်။
အဆိုပါဒေသခံများသည် မိုင်းပန်မြို့နယ်အတွင်း နားမွန်ကျေးရွာအုပ်စု၊ နောင်ချို၊ မိုက်ပုတ်ရွာနှင့် ပန်ပိရွာတို့မှ ပအိုဝ်းတိုင်းရင်းသားများ ဖြစ်သည်။ ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်းသို့ ရောက်ရှိလာသည့် ဒုက္ခသည်များကို နေရာချထားပေးကြောင်းUWSA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက ပြောသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLO နှစ်ဖွဲ့စလုံးသည် ၂၀၁၅ တွင် အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်သည်။
လက်ရှိဒေသခံများ ခိုလှုံနေသည့် နေရာသည် UWSA ထိန်းချုပ်နယ်မြေဖြစ်သော ၁၇၁ စစ်ဒေသအတွင်း၌ ဖြစ်ပြီး မိုင်းပန်မြို့မှ မိုင်၇၀ နီးပါး ကွာဝေးသည့် နေရာတွင် တည်ရှိသည်။
"ကျွန်တော်တို့ တပ်သားတွေနဲ့ ခိုက်လုံမြို့နယ် ပင်းစားရွာသားတွေက သူတို့တွေအတွက် ယာယီ အမိုးအကာတွေဝိုင်းဝန်းတည်ဆောက်ပေးထားပါတယ်။ တိုက်ပွဲကြောင့်ဒဏ်ရာရရှိထားတဲ့သူတွေ၊ နေမကောင်းသူတွေကို ဆေးကုသပေးထားတယ်။ ထွက်ပြေးလာတဲ့အထဲမှာ သံဃာတွေရော၊ကိုယ်ဝန်ဆောင်တွေလည်း ပါတယ်။ ထွက်ပြေးလာရင်မီးဖွားတော့မယ့် အမျိုးသမီးတစ်ဦးကိုလည်း အချိန်မီဆေးကုသမှုပေးနိုင်ခဲ့တယ်"ဟု ဦးညီရန်းက ပြောသည်။
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့်ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLO အဖွဲ့နှစ်ဖွဲ့စလုံးကမူ တိုက်ပွဲဖြစ်ပွားရခြင်း အပေါ် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်စွပ်စွဲသည့် ကြေညာချက်များထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနက် အင်အားအတောင့်တင်းဆုံးဖြစ်သည့် ဝပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်(UWSA) ကမူအဆိုပါနှစ်ဖွဲ့လုံးအနေနှင့် စစ်ရေးတင်းမာမှုကို လျှော့ချပြီးဆွေးနွေးညှိနှိုငးဆွေးနွေးညှိနှိုင်းအဖြေရှာရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။
















