နှစ်ရက်တာ တရုတ်ခရီးစဉ်အပြီး ကင်ဂျုံအန်း ပြည်တော်ပြန်

နှစ်ရက်တာ တရုတ်ခရီးစဉ်အပြီး ကင်ဂျုံအန်း ပြည်တော်ပြန်

ပေကျင်း ” တရုတ်နိုင်ငံ မြို့တော် ပေကျင်းသို့ နှစ်ရက်တာလာရောက် လည်ပတ်ခဲ့သော မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း လိုက်ပါလာသည်ဟု ယုံကြည်ရသော အထူးရထားတစ်စင်း ဇန်နဝါရီ ၉ ရက်က ပေကျင်းမြို့မှ ထွက်ခွာလာခဲ့သည်။

ရထားအတွင်း၌ ကင်ဂျုံအန်းကို မတွေ့ရသော်လည်း  တရုတ်နိုင်ငံ အရှေ့ပိုင်းနှင့် မြောက်ကိုရီးယား နယ်စပ်သို့ ဦးတည်ကာ ထွက်ခွာသွားသော ရထားပေါ်တွင် သူပါသွား သည်ဟု တွက်ဆရသည်။

ကင်ဂျုံအန်း၏ လွန်ခဲ့သော ၁၀ လအတွင်း စတုတ္ထ အကြိမ်မြောက် တရုတ်ပြည်ခရီးစဉ်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဖြစ်နိုင်ခြေရှိသည့် ဒုတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ မြောက်ကိုရီး ယား၏ တစ်နိုင်ငံတည်းသော အဓိကမဟာမိတ်နိုင်ငံနှင့် ညှိနှိုင်းတိုင်ပင်ရန် ကြိုးပမ်းသည့် ခရီးစဉ်ဟု ယုံကြည်ရသည်။ ကင်ဂျုံအန်းသည် အမေရိကန်နှင့် မြောက်ကိုရီး ယားအရာရှိများ ထိပ်သီးဆွေးနွေးပွဲ နေရာကိစ္စဆွေးနွေးရန် ဗီယက်နမ်နိုင်ငံတွင် တွေ့ဆုံခဲ့သည်ဟု ယူဆရပြီးနောက် တရုတ်ပြည်သို့ ရောက်လာခြင်းဖြစ်သည်။

သူ၏ တရုတ်ပြည် ခရီးစဉ်ကို အသေးစိတ်ထုတ်ပြန် ခြင်းမရှိခဲ့ပေ။ သို့ရာတွင် ကင်ဂျုံအန်းသည် သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့သည်ဟု သတင်းများက ဆိုသည်။ ယွန်ဟတ် သတင်းဌာနက ရေးသားရာတွင် ကင်ဂျုံအန်း သည် ဇန်နဝါရီ ၈ ရက်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တစ်နာရီကြာ တွေ့ဆုံဆွေးနွေးပြီးနောက် ပေကျင်း မြို့လယ်ကောင်ရှိ ပြည်သူ့မဟာခန်းမကြီးတွင် သမ္မတ ရှီကျင့်ဖျင်နှင့် ဇနီးတို့ တည်ခင်းဧည့်ခံသော ညစာစားပွဲသို့  ဇနီးဖြစ်သူ ရီဆိုဂျူးနှင့်အတူ တက်ရောက်ခဲ့သည်ဟု သိရသည်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ နေ့စဉ် သတင်း ထုတ်ပြန်မှုတွင် ပြောရေးဆိုခွင့်ရှိသူ လူကန်းက ဇန်နဝါရီ ၈ ရက်က ပြောကြားရာ၌ ကင်ဂျုံအန်း၏ ခရီးစဉ် အသေးစိတ်ကို သင့်တော်သည့်အချိန်တွင် ထုတ်ပြန်မည် ဟုဆိုသည်။ တရုတ်အစိုးရသည် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များ ရပ်ဆိုင်းရေး အတွက် အမေရိကန်၏ တောင်းဆိုမှုနှင့်စပ်လျဉ်း၍ တင်းမာမှုများကို ဆုံးခန်းတိုင်စေရန် အပြုသဘော ဆောင်သည့် ကြိုးပမ်းမှုများကို ဆက်လက်ဆောင်ရွက် မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဇန်နဝါရီ ၈ ရက်သည် ကင်ဂျုံအန်း၏ မွေးနေ့လည်းဖြစ်ပြီး တရုတ်ပြည်သို့ လာရောက်လည်ပတ်သည့် ခရီးစဉ် မှာ မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားလက်နက် များနှင့် တိုက်ချင်းပစ်ဒုံးကျည်များ အစီအစဉ်အတွက် ကုလသမဂ္ဂက ဒဏ်ခတ်အရေးယူမှုများကို လျော့ပါးစေရန် တရုတ်ပြည် အကူအညီရရှိရေးအတွက် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ဆိုသည်။

ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် ကင်ဂျုံအန်းလိုက်ပါ သည့် မော်တော်ယာဉ်တန်းသည် ပေကျင်းမြို့ရှိ မကြေညာ သော နေရာတစ်နေရာသို့ သွားရောက်ပြီး တစ်နာရီခန့် အကြာတွင် ပြန်လည်ရောက်ရှိခဲ့သည်။ တောင်ကိုရီးယား နိုင်ငံ ယွန်ဟတ် သတင်းဌာန၏ အဆိုအရ ကင်ဂျုံအန်း သည် နည်းပညာဖွံ့ဖြိုးရေးဇုန်သို့ သွားရောက်ခဲ့ပြီး နာမည်ကျော် တရုတ်တိုင်းရင်းဆေးဆရာ တုန်ရန်တန် ဦးစီးသည့် စက်ရုံသို့ မိနစ် ၃၀ ခန့် လေ့လာခဲ့သည်။

ကင်ဂျုံအန်းသည် သူ၏ နှစ်သစ်ကူးမိန့်ခွန်း၌ ဇွန်လအတွင်းက အမေရိကန်သမ္မတ ထရမ့်နှင့် စင်ကာပူနိုင်ငံတွင် ထိပ်သီးဆွေးနွေးပွဲ ကျင်းပပြီးနောက်ပိုင်း အမေရိကန်အစိုးရနှင့် စေ့စပ်ညှိနှိုင်းမှုများ တိုးတက်မှုမရှိခြင်းကို စိတ်မကျေမနပ်ဖြစ်ခဲ့ရကြောင်း ဖော်ပြပြီးနောက် တရုတ်ပြည်သို့လာရောက်ခဲ့ခြင်းဖြစ်သည်။ သမ္မတ ထရမ့်က အဏုမြူဖျက်သိမ်းရေးသို့ဦးတည်သည့် ခိုင်မာသော ခြေလှမ်းများကို ကင်ဂျုံအန်း တက်လှမ်းနိုင် ရေးတွင် တရုတ်သမ္မတ ရှီက အရေးပါကြောင်း ပြောကြား ခဲ့သည်။