တိုကျိုမြို့ ငါးဈေးအသစ်တွင် ဇန်နဝါရီ ၅ ရက်က ပြုလုပ်ခဲ့သည့် နှစ်သစ်ကူး ငါးလေလံပွဲ၌ ဆူးတောင်ပြာ တူနာငါးတစ်ကောင်ကို အမေရိကန်ဒေါ်လာ သုံးသန်းကျော်ဖြင့် ရောင်းချခဲ့ပြီး အဆိုပါလေလံပွဲ နောက်ကွယ်တွင် တူနာငါး မျိုးတုံးမည့် အန္တရာယ်ကျရောက်စေနိုင်သော အလွန်အကျွံ ငါးဖမ်းခြင်းနှင့် တူနာငါး အကောင်ရေ တစ်စတစ်စ လျော့နည်းလာခြင်းတို့ကို ကြုံနေသည်။
ဆူရှီဇန်မာအီ စားသောက်ဆိုင်အုပ်စု ပိုင်ရှင် ကီယိုရှီ ကီမူရာက နှစ်သစ်ကူး လေလံပွဲတွင် ပေါင်ချိန် ၆၁၃ ပေါင်ရှိသည့် အဆိုပါ တူနာငါးကို ဂျပန်သုံးငွေယန်း ၃၃၃ ဒသမ ၆ သန်းဖြင့် ဝယ်ယူခဲ့သည်။ ၂၀၁၉ ခုနှစ် နှစ်သစ်ကူး လေလံပွဲကို နာမည်ကြီး ဆူကီဂျီဈေးတွင် ပြုလုပ်ခဲ့ပြီးနောက် တိုကျိုမြို့ရှိ တိုယိုဆု ငါးဈေးသစ်တွင် နှစ်သစ်ကူး ငါးလေလံပွဲကို ပထမဆုံးအကြိမ် ကျင်းပခဲ့ခြင်း ဖြစ်သည်။
မနက်မလင်းခင် ရောင်းချထားသော လေလံဈေးက ၂၀၁၈ ခုနှစ်တွင် ပြုလုပ်ခဲ့သော လေလံဈေးထက် ၁၀ ဆနီးပါး မြင့်တက်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် တင်ထားသော ကီမူရာ ဝယ်ယူခဲ့သည့် စံချိန်ထက် နှစ်ဆ အကြမ်းဖျင်း မြင့်တက်ခဲ့သည်။ လေလံပွဲတွင် ၂၀၁၈ ခုနှစ် တွင် အနိုင်ရရှိခဲ့သော ပြိုင်ဘက် ဝယ်ယူသူနှင့် လေလံဈေးပြိုင်ဝယ်ယူမှု အကြိတ်အနယ် ဖြစ်ခဲ့သည်။ ငါးအရည်အသွေးနှင့် ပတ်သက်ပြီး အားရကျေနပ်သော်လည်း မျှော်မှန်းထားသည်ထက် ဈေးပိုပေး၍ ဝယ်ယူခဲ့ရကြောင်း ကီမူရာက ပြောကြားခဲ့သည်။ လေလံပွဲပြီးနောက် တစ်ရက်တွင် ၎င်း၏ စားသောက်ဆိုင်များ၌ လာရောက်စားသုံးသူဧည့်သည်များကို အဆိုပါ တူနာငါးကို တည်ခင်းဧည့်ခံသွားမည်ဟု ကီမူရာက ဆိုသည်။
အဆိုပါ ဆူးတောင်ပြာ တူနာငါးကို ဂျပန်နိုင်ငံမြောက်ပိုင်း အိုမိုရီ စီရင်စု ကမ်းရိုးတန်းတွင် တစ်နိုင်ငံလုံးအနှံ့ တူနာငါးဖမ်းအတော်ဆုံးဟု အသိအမှတ်ပြုခံထားရသော အိုမာမြို့လေးမှ ရေလုပ်သားများကဖမ်းဆီးရမိခဲ့သည်။
ဆူရှီ ဆိုင်များတွင် ဆူးတောင်ပြာ တူနာငါးအမျိုးအစားမှာ ၎င်း၏ အရသာကြောင့် ဈေးကြီးသော်လည်း အလွန်အကျွံ ငါးဖမ်းမှုကြောင့် အကောင်ရေ ရှားပါးလာခဲ့သည်။
နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမဂ္ဂ မျိုးတုံးပျောက်ကွယ်သွားနိုင်သော တိရစ္ဆာန်မျိုးစိတ် စာရင်းတွင် ပစိဖိတ် ဆူးတောင်ပြာငါးမျိုးစိတ် ပါဝင်နေပြီး အကောင်ရေ ကျဆင်းလာနေသည်။ "နှစ်စဉ်ကျင်းပနေတဲ့ နှစ်သစ်ကူး ဆူးတောင်ပြာ တူနာငါး လေလံပွဲက ဒီ ငါးမျိုးစိတ် မျိုးတုံးပျောက်ကွယ်တော့မယ့် အန္တရာယ်ကို ဖုံးကွယ်ထားတယ်" ဟု ကမ္ဘာလုံးဆိုင်ရာ တူနာငါး ထိန်းသိမ်းကာကွယ်ရေး တွဲဖက်မန်နေဂျာ ဂျေမီ ဂစ်ဘ်ဆင်က ပြောကြားခဲ့သည်။
"ငါးအကောင်ရေ အရေအတွက် သမိုင်းဝင် အရွယ်အစား အရေအတွက်ထက် ၃ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဒီနေ့အထိ ဆက်ပြီး အလွန်အကျွံ ငါးဖမ်းနေကြတုန်းပဲ" ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
တူနာငါးရှားပါးမှု မြင့်တက်လာခြင်းကို ဖြေရှင်းရေးအတွက် ၂၀၃၄ ခုနှစ်တွင် ငါးအကောင်ရေ ၂၀ ရာခိုင်နှုန်း ပြန်လည်မြင့်တက်လာရန် ၂၀၁၇ ခုနှစ်၌ အကန့်အသတ်ဖြင့် ခွင့်ပြုထားသည့်ပမာဏနှင့် ငါးမျှားရန်ကန့်သတ်ချက်ကို ဂျပန်နိုင်ငံနှင့် အခြားနိုင်ငံများက သဘောတူညီခဲ့ကြသည်။ အဆိုပါ ကန့်သတ်ချက်က အိုမာ တူနာငါးမျိုးစိတ် ဖမ်းသူများကို မကျေမနပ်ဖြစ်ခဲ့သည်။ ကန့်သတ်ချက်စည်းမျဉ်းနှင့် ကိုက်ညီအောင် ရေလုပ်သားများက နွေရာသီတွင် ငါးဖမ်းမှုနှုန်း လျှော့ချခဲ့ပြီး တူနာငါးဈေးကောင်းပေးဝယ်သည့် ဆောင်းရာသီနှင့် နွေဦးရာသီတွင် ပိုမိုဖမ်းဆီးခဲ့ကြသည်။
ပစိဖိတ် ဆူးတောင်ပြာ တူနာငါးမျိုးစိတ်၏ အမြင့်ဆုံး အရှည်မှာ သုံးမီတာ နီးပါးရှိပြီး အကြီးဆုံး အလေးချိန်မှာ ပေါင် ၁,၂၀ဝ ရှိသည်။ အဏ္ဏဝါမုဆိုးများက ခြင်္သေ့အရွယ်အစား နှစ်ဆရှိပြီး သမင်ထက် လျင်မြန်သော ငါးအမျိုးအစားဟု ဆိုကြသည်။

















