အမေရိကန်နှင့် မက္ကဆီကိုနယ်စပ် တံတိုင်းကာရံရေးရန်ပုံငွေကိစ္စနှင့် ပတ်သက်ပြီးဘတ်ဂျက်အငြင်းပွားမှုကြောင့် အမေရိကန်အစိုးရ ယန္တရားတစ်စိတ်တစ်ပိုင်းရပ်တန့်နေသည်မှာ ၁၉ ရက် ကြာမြင့်လာပြီးနောက် ဇန်နဝါရီ ၉ ရက်တွင် ဒီမိုကရက်များနှင့် အဖြေရှာရေးဆွေးနွေးပွဲမှ သမ္မတဒေါ်နယ် ထရမ့်သည် ထထွက်ခဲ့ကြောင်းသိရသည်။
နယ်စပ်တံတိုင်းအတွက် သမ္မတထရမ့် တောင်းခံထားသောဘတ်ဂျက် ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံကိုလွှတ်တော်ကချထားပေးရန် ထောက်ခံချက်မပေးနိုင်ဟုအောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီနှင့် အထက်လွှတ်တော် ဒီမိုကရက်တစ် ခေါင်းဆောင် ချက် ရှူးမားတို့ကတင်းခံခဲ့ကြသဖြင့် သမ္မတထရမ့်သည် အစည်းအဝေးမှ ချက်ချင်းထထွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အချိန်ဖြုန်းသောဆွေးနွေးပွဲသာဖြစ်သည်ဟုသမ္မတထရမ့်က ပြစ်တင်ပြောကြားခဲ့သည်။
ဘတ်ဂျက် အငြင်းပွားမှုကြောင့် နိုင်ငံတော်ဘတ်ဂျက်ကိုအချိန်မီချထားပေးနိုင်ခြင်းမရှိသည့်အတွက် လာမည့် သီတင်းပတ်တွင် အမေရိကန်ပြည်ထောင်စုအစိုးရဝန်ထမ်းရှစ်သိန်းခန့် လစာရရှိမည်မဟုတ်ကြောင်းသိရသည်။
“အစည်းအဝေးစစချင်းမှာတင် သမ္မတထရမ့်က တံတိုင်းအတွက် ဘတ်ဂျက် ချပေးနိုင်မလားမေးတယ်။ မစ္စ ပီလိုစီကဘတ်ဂျက်ချမပေးနိုင်ဘူးလို့ ပြန်ပြောလိုက်တော့ သမ္မတထရမ့်က ဒါဆို ကျုပ်တို့ ဆက်ဆွေးနွေးစရာမရှိတော့ဘူးဆိုပြီးချက်ချင်းထထွက်သွားတာပဲ” ဟုမစ္စတာ ရှူးမားကပြောသည်။
သမ္မတထရမ့်သည် မဲဆွယ်ကာလကတိများထဲတွင် အပါအဝင်ဖြစ်သောနယ်စပ်တံတိုင်းကာရံရေးအတွက် ဘတ်ဂျက်မရမချင်းအစိုးရယန္တရားရပ်ဆိုင်းခံမည်ဟု ကြုံးဝါးထားသည်။ အောက်လွှတ်တော်ကိုစိုးမိုးထားသောအတိုက်အခံဒီမိုကရက်များကမူနယ်စပ်တံတိုင်းအတွက် ဘတ်ဂျက်သည် အလဟဿ ဖြုန်းတီးခြင်းသာ ဖြစ်သောကြောင့် သဘောတူထောက်ခံမည်မဟုတ်ဟုတုံ့ပြန်ထားကြသည်။

















