တရုတ်ပြည် စဲင်ကျဲင့်တွင် လျှပ်စစ်စွမ်းအင်သုံး အငှားယာဉ်များ အသုံးပြု

တရုတ်ပြည် စဲင်ကျဲင့်တွင် လျှပ်စစ်စွမ်းအင်သုံး အငှားယာဉ်များ အသုံးပြု

စဲင်ကျဲင့်-တရုတ်ပြည်၏ အဓိက မြို့ကြီးများအနက် တစ်မြို့ဖြစ်သည့် စဲင်ကျဲင့်မြို့က ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး သမိုင်းမှတ်တိုင်အဖြစ် တစ်မြို့လုံးနီးပါးကို လျှပ်စစ်စွမ်းအင်သုံး အငှားယာဉ်များ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံတောင်ပိုင်းရှိ နည်းပညာ ဖွံ့ဖြိုးတိုးတက်သော မြို့တစ်မြို့ဖြစ်သည့် စဲင်ကျဲင့် မြို့တွင် ၂၀၁၉ ခုနှစ်အစပိုင်းတွင် အငှားယာဉ် ၂၁,၆၈၉ စီး၏ ၉၉ ရာခိုင်နှုန်းက လျှပ်စစ်ဓာတ်အားဖြင့် မောင်းနှင်လျက်ရှိသည်။ ၂၀၁၈ ခုနှစ်တွင် ဓာတ်ဆီလောင်စာသုံး အငှားယာဉ် ၇,၅၀ဝ ခန့်အသုံးပြုမောင်းနှင်ခဲ့ကြသည်။  ဓာတ်ဆီလောင်စာသုံး မော်တော်ယာဉ်အချို့ကိုမြင်တွေ့နိုင်သော်လည်း လျှပ်စစ်ဓာတ်အားသုံး မော်တော်ယာဉ်များကို အများဆုံးအသုံးပြုလျက်ရှိသည်။ လူဦးရေ ၁၂ ဒသမ ၅ သန်း နေထိုင်သည့် စဲင်ကျဲင့်မြို့က တရုတ်နိုင်ငံတွင် အဆိုပါ အစားထိုးအသုံးပြုမှုကို ဒုတိယ စွမ်းဆောင်နိုင်ခဲ့သော မြို့တစ်မြို့ဖြစ်ပြီး အရေအတွက် အများဆုံး မြို့တစ်မြို့လည်းဖြစ်သည်။ လူဦးရေ ၄ ဒသမ ၃ သန်း နေထိုင်သော တရုတ်ပြည် မြောက်ပိုင်းရှိ တိုင်ယွမ် မြို့ တွင် ၂၀၁၆ ခုနှစ်က စပြီး လျှပ်စစ်ဓာတ်အားသုံး အငှားမော်တော်ယာဉ်များ အသုံးပြုခဲ့သည်။

၂၀၁၇ ခုနှစ်ကစပြီး စဲင်ကျဲင့်မြို့ ဘတ်စ်ကားလိုင်းများကို လျှပ်စစ်ဓာတ်အားသုံး ယာဉ်များဖြင့် လဲလှယ်အသုံးပြုဆောင်ရွက်ခဲ့သည်။ သမားရိုးကျမဟုတ်သော စွမ်းအင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် တရုတ်နိုင်ငံ၏ ရှေ့ပြေး ၁၃ မြို့မှ တစ်မြို့ဖြစ်သည့် စဲင်ကျဲင့်မြို့က ကမ္ဘာ့သယံဇာတများကို အန္တရာယ်မပြုသော စွမ်းအင်အသုံးပြုရန် အားပေးခဲ့သည်။

ပေကျင်းနှင့် အခြားတရုတ်ပြည် မြို့တော်များက လေထုညစ်ညမ်းမှုကို ဖြေရှင်းရန် လျှပ်စစ်ဆိုင်ကယ်၊ စက်ဘီးနှင့် သုံးဘီး ပို့ဆောင်ရေး မော်တော်ယာဉ်များကို အသုံးပြုလာခဲ့ကြသော်လည်း စက်သံမကြားရသော လျှပ်စစ်မော်တော်ယာဉ်များကြောင့် ခရီးသွားများ အခက်အခဲကြုံတွေ့နေရသည်။

လျှပ်စစ်မော်တော်ယာဉ် ၂၀,ဝ၀ဝ ခန့်က ကာဗွန်ဓာတ်ငွေ့ ထုတ်လုပ်မှု  တစ်နှစ်လျှင် တန် ၈၅၀,ဝ၀ဝ လျှော့ချသွားနိုင်ဖွယ်ရှိကြောင်း စဲင်ကျဲင့်မြို့ ပို့ဆောင်ရေးကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် စဲင်ကျဲင့်မြို့၌ ပထမဆုံး လျှပ်စစ်မော်တော်ယာဉ် ၁၀ဝ ခန့် စတင် မောင်းနှင်ခဲ့ပြီးနောက် အဆိုပါ အငှားယာဉ်များ လျှပ်စစ်ဓာတ်အား ပြန်လည် ဖြည့်တင်းရန်နေရာများအတွက် အခက်အခဲ နှင့် ရင်ဆိုင်ခဲ့ရသည်။ မော်တော်ယာဉ် လျှပ်စစ်ဓာတ်အားသွင်းနိုင်မည့် နေရာ နှစ်သောင်းခန့်က ဓာတ်အားသွင်းရမည့် လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်လိမ့်မည် ဟု ယူဆကြောင်း တရုတ် ခရီးသွား မော်တော်ယာဉ်အသင်း အထွေထွေ အတွင်းရေးမှူးက ပြောကြားခဲ့သည်။

လျှပ်စစ်ဓာတ်အားသုံး အငှားယာဉ်များတွင် လောင်စာဆီ ကုန်ခန်းခါနီး သတိပေး အချက်အလက်များ၊ ဂျီပီအက်စ်စနစ်၊ လေဆိပ်၊ ဘူတာရုံနှင့် အခြားနေရာ အချက်အလက်များအပြင်ကျသင့်မည့် ခရီးစရိတ် အချက်အလက်တို့ကို ကြည့်ရှုနိုင်မည့်စနစ် ထည့်သွင်းပေးထားသည်။

ခန့်လင်းဦး ဘာသာပြန်သည်။