ဘေရွတ် ” ဆီးရီးယားနိုင်ငံမှ အမေရိကန်တပ်များရုပ်သိမ်းရန် စီစဉ်ထားမှုကြောင့်ဆီးရီးယားနိုင်ငံ မြောက်ဘက်နှင့် အရှေ့ဘက်တွင် အင်အားလစ်ဟာမှုတစ်ခု ဖြစ်ပေါ်လာကာ အရှေ့အလယ်ပိုင်းရှိ နိုင်ငံများသည် ထိုလစ်ဟာမှုကို ဖြည့်ဆည်းရန် ပြိုင်ဘက်အဖွဲ့အစည်းများ ယင်းနေရာသို့ စုစည်းရောက်ရှိလာကြသည်။
အမေရိကန်က ဆီးရီးယား စစ်မြေပြင်ရှိ ၎င်း၏တပ်သား ၂,ဝ၀ဝ ကို ရုပ်သိမ်းရန်ဆုံးဖြတ်ခြင်းက မဟာမိတ် အဟောင်းများနှင့်မိတ်ဖက်နိုင်ငံများအား အခြေအနေကိုမဖြစ်မနေ ပြန်လည်အကဲဖြတ် သုံးသပ်စေခဲ့သည်။ ဆီးရီးယား အစိုးရ၏ ရှစ်နှစ်ကြာပြည်တွင်း စစ်ပွဲတွင် ကာ့ဒ်၊ ရုရှား၊ အီရန်နှင့်တူရကီတို့သည် တစ်နိုင်ငံ နည်းလမ်းတစ်မျိုး ဖြင့် အကူအညီအထောက်အပံ့များ ပေးခဲ့သည်။ ယခုအခါ အမေရိကန်တို့ စွန့်ခွာမှုကြောင့် အဆိုပါနယ်မြေဒေသအတွင်း ပဋိပက္ခများ အရှိန်ကုန်သွားပြီး တင်းမာမှုအသစ်များအစပြုကာ ဖရိုဖရဲဖြစ်မှုနှင့် သွေးထွက်သံယိုမှုများ ဖြစ်လာနိုင်သည်။
အမေရိကန်တပ်များ ရုပ်သိမ်းမှုကြောင့်မဟာမိတ်များ အထိတ်တလန့်ဖြစ်မှုကို ဖြေဖျောက်ပေးရန် အမေရိကန်သည် အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်လ်တန်ကို အစ္စရေးသို့ ဇန်နဝါရီ ၆ ရက်က စေလွှတ်ခဲ့သည်။ ဘော်လ်တန်က အိုင်အက်စ်စစ်သွေးကြွများကို တိုက်ခိုက်ချေမှုန်းပြီးနောက် အမေရိကန် မဟာမိတ်ဖြစ်သည့် ကာ့ဒ်တိုက်ခိုက်ရေးသမားများကို ကာကွယ်ပေးပြီးမှသာ ဆီးရီးယား အရှေ့မြောက်ပိုင်းမှ ၎င်းတို့ ထွက်ခွာမည်ဟု ပြောကြားခဲ့သည်။
အမေရိကန်တပ်သားများကို ရုပ်သိမ်းမည်ဖြစ်သော်လည်း အလျင်စလို ရုပ်သိမ်းမည်ဟု မိမိပြောကြားခဲ့ခြင်းမရှိကြောင်း ထရမ့်က ဝါရှင်တန်တွင် သတင်းထောက်များသို့ဇန်နဝါရီ ၆ ရက်က ပြောကြားခဲ့သည်။
ဆီးရီးယားအရှေ့ပိုင်းဒေသသည် မဟာဗျူဟာအရ အရေးကြီးသော ဒေသဖြစ်သည်။ သမ္မတ ဘာရှားအာဆတ်ဒ်၏ ဆီးရီးယားအစိုးရနှင့် ၎င်း၏မဟာမိတ် ရုရှားနှင့် အီရန်တို့အတွက် အဆိုပါဒေသကို ပြန်လည်ရရှိခြင်းသည် အချုပ်အခြာအာဏာကို ပြန်လည်တည်ဆောက်ခြင်းပင် ဖြစ်သည်။
အမေရိကန်တို့မရှိလျှင် အာဆတ်ဒ်နှင့် ၎င်းကို ကျောထောက်နောက်ခံ ပြုပေးသည့်ရုရှားတို့ ဝင်လာရန် တံခါးဖွင့်ပေးလိုက်သကဲ့သို့ဖြစ်မည်။ အမေရိကန်တို့ နယ်မြေကို စွန့်ခွာခြင်းအားဖြင့် ကာ့ဒ်တိုက်ခိုက်ရေးသမားများသည် ၎င်းတို့ ကြောက်ရွံ့သည့်ရန်သူ တူရကီရန်က အကာအကွယ်ပေးရန် ရုရှားနှင့် အာဆတ်ဒ်ဘက်သို့ မဖြစ်မနေကူးပြောင်းစေသည်။ အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့က လက်နက်တပ်ဆင်ပေးထားသည့် ကာ့ဒ်အင်အားစုသည် ပျောက်ကွယ်သွားရန် ဖြစ်နိုင်ဖွယ်မရှိပေ။
ဆီးရီးယား တာဝန်ရှိသူများက အမေရိကန်တပ်များ ရုပ်သိမ်းခြင်းသည် အမေရိကန်ကို အောင်မြင်ခြင်းဖြစ်သည်ဟု ကိုယ်ရည်သွေး ပြောဆိုလိုက်သည်။ ဆီးရီးယား အရှေ့ပိုင်းကို ထိန်းချုပ်ခြင်းသည် ပြည်တွင်းစစ်တွင် အာဆတ်ဒ်၏ အောင်မြင်မှုကို တံဆိပ်ခတ်နှိပ်ခြင်းပင်ဖြစ်သည်။
အမေရိကန်တို့ ထွက်ခွာမှုကြောင့် အာဆတ်ဒ်ကို နှစ်များစွာ ရှောင်ဖယ်နေသည့် အာရပ်နိုင်ငံများနှင့် ဆက်ဆံရေးကို မူလအနေအထား ရောက်ရှိစေရန် အရှိန်မြင့်တက်လာသည်။ အမေရိကန်နှင့်ဆော်ဒီတို့၏ ရင်းနှီးသော မဟာမိတ်ဖြစ်သည့် ယူအေအီးနိုင်ငံသည် မကြာခင်က ဒမတ်စကတ်စ်တွင် သံရုံး ပြန်လည်ဖွင့်လှစ်ခဲ့သည်။
ဆီးရီးယားသူပုန် တိုက်ခိုက်ရေးသမားများနှင့် မဟာမိတ်ပြုထားသည့် တူရကီတပ်သား ၁၅,ဝ၀ဝ ခန့်သည် နယ်စပ်တွင် ကာ့ဒ်တို့ထိန်းချုပ်မှုကို ချိုးဖျက်ရန် အရှေ့ပိုင်းတွင် ထိုးစစ်တစ်ခုစတင်ရန် အသင့်အနေအထား ပြင်နေသည်။
တူရကီသမ္မတ ရီဆက်ပ် တေရစ်ပ် အာဒိုဂန်က ၎င်း၏တပ်ဖွဲ့ဝင်များသည် အိုင်အက်စ်တို့ တိုက်ခိုက်မှုကို လွှဲပြောင်းတာဝန်ယူနိုင်ကြောင်း ထရမ့်ကို ပြောကြားခဲ့သည်။ ပြီးခဲ့သည့်ထိုးစစ်နှစ်ခုတွင် တူရကီတပ်ဖွဲ့ဝင် များနှင့် ၎င်းတို့၏ဆီးရီးယား မဟာမိတ်များသည် အိုင်အက်စ်နှင့်ကာ့ဒ် တိုက်ခိုက်ရေးသမားများထံမှ အနောက်မြောက်ဘက်ဒေသကို ပြန်လည်ရယူခဲ့သည်။
ဆီးရီးယား အရှေ့ပိုင်းတွင် ကာ့ဒ်စစ်သွေးကြွများနှင့်အစားထိုးရန် သမ္မတထရမ့်သို့ ကမ်းလှမ်းသည့် သမ္မတအာဒိုဂန်၏ တပ်ဖွဲ့များသည် အမေရိကန်စစ်တပ် စံညွှန်းများအရ မလုံလောက်ကြောင်း ဆီးရီးယားရေးရာကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် နစ်နစ်ခ်ဟားရပ်စ်က ပြောကြားခဲ့သည်။

















