အာဏာသိမ်းရန်ကြိုးပမ်းမှု ဂါဘွန်အစိုးရ တားဆီးနိုင်ခဲ့ အာဏာသိမ်းရန် ကြံစည်သူနှစ်ဦး သေဆုံး

အာဏာသိမ်းရန်ကြိုးပမ်းမှု ဂါဘွန်အစိုးရ တားဆီးနိုင်ခဲ့ အာဏာသိမ်းရန် ကြံစည်သူနှစ်ဦး သေဆုံး

ဇန်နဝါရီ ၇ ရက်တွင် စစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့ပြီး စစ်တပ်အရာရှိများအဖမ်းခံခဲ့ရသည့်အပြင် အာဏာသိမ်းရန် ကြံစည်သူနှစ်ဦး အသတ်ခံခဲ့ရပြီးနောက် အစိုးရက ရေနံကြွယ်ဝသော ဂါဘွန်နိုင်ငံ၏ အခြေအနေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

အဆိုပါ အရာရှိများက သိမ်းပိုက်ခဲ့သော နိုင်ငံပိုင် ရုပ်သံနှင့် ရေဒီယိုအသံလွှင့် ဌာနများနှင့် ဂါဘွန်မြို့တော် လစ်ဘရယ်ဗီးလ်ရှိ အဓိက လမ်းမများကို အာဏာပိုင်များက ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ဂိုင်းဘီတရန် မာပန်ဂိုက နိုင်ငံတကာ ပြင်သစ် ရေဒီယို သတင်းဌာနကို ပြောကြားခဲ့သည်။ အသံလွှင့် ဌာနကို သိမ်းယူခဲ့သော စစ်တပ်အရာရှိ ငါးဦးကို ဖမ်းဆီးခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။ နောက်ထပ် အာဏာသိမ်းရန် ကြံစည်သူ နှစ်ဦးလည်း လုံခြုံရေးတပ်ဖွဲ့လက်ချက်ဖြင့် သေဆုံးခဲ့ပြီး ဓားစာခံများကိုလည်း လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း နိုင်ငံတကာ ပြင်သစ်ရေဒီယို သတင်းဌာန၏ သမ္မတရုံး ထုတ်ပြန်ချက်အရသိရသည်။

လစ်ဘရယ်ဗီးလ် မြို့တော်တွင် အပြင်မထွက်ရ အမိန့်ထုတ်ပြန်ခဲ့ပြီး အင်တာနက်လိုင်းကိုလည်း ဖြတ်တောက်ခဲ့သည်။ အတ္တလန္တိတ် သမုဒ္ဒရာကမ်းရိုးတန်းရှိ အဆိုပါမြို့တော်ကို စစ်တပ်တင့်ကားနှင့် လက်နက်တပ်ဆင်ထားသော ယာဉ်များဖြင့် ကင်းလှည့်၍ လုံခြုံရေးဆောင်ရွက်လျက်ရှိသည်။ ဇန်နဝါရီလ ၇ ရက် အစောပိုင်းတွင် ဗိုလ်အိုဘီယန် အွန်ဒိုကယ်လီဆိုသည့် စစ်သားတစ်ဦးခေါင်းဆောင်သည့် ရီပတ်ဘလီကန်အစောင့် အုပ်စုငယ် က ဒီမိုကရေစီပြန်လည်ရှင်သန်ရေးအတွက် ဂါဘွန်အစိုးရကို စစ်တပ်က အာဏာသိမ်းလိုက်ပြီဖြစ်ကြောင်း ရုပ်သံမှ ထုတ်လွှင့်ခဲ့သည်။ ရုပ်သံထုတ်လွှင့်မှုတွင် ပါဝင်ခဲ့သည့် အဆိုပါ စစ်သားများကို ဖမ်းဆီးနိုင်ခဲ့ပြီး ဂါဘွန်သမ္မတ အလီဘွန်ဂိုအစိုးရက နိုင်ငံကို ဆက်လက်ထိန်းချုပ်ထားကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ မာပန်ဂိုကပြောကြားခဲ့သည်။

အာဖရိကတိုက်တွင် ရေနံ တတိယအများဆုံးထုတ်လုပ်သည့်နိုင်ငံဖြစ်သော ဂါဘွန်နိုင်ငံကို ၂၀ဝ၉ ခုနှစ်တွင် ကွယ်လွန်ခဲ့သည့် အိုမာနှင့်သားဖြစ်သူ ဘွန်ဂို တို့က ရာစုနှစ်တစ်ဝက်ကျော် အုပ်ချုပ်ခဲ့သည်။ နိုင်ငံ၏ သဘာဝသယံဇာတများကို ၎င်းတို့ မိသားစုက အမြတ်ထုတ်ခဲ့ကြပြီး နိုင်ငံလူဦးရေ နှစ်သန်းကျော်အတွက် အခြေခံဝန်ဆောင်မှုများ ပေးစွမ်းနိုင်ခြင်းမရှိကြောင်း ဝေဖန်ရေးသမားများက ပြစ်တင်ဝေဖန်ခဲ့ကြသည်။ ဂါဘွန်နိုင်ငံ လူဦးရေ သုံးပုံတစ်ပုံခန့်က ဆင်းရဲမွဲတေမှုအဆင့် အောက်ခြေတွင် ရောက်နေကြောင်း ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ အာဏာသိမ်းရန် ကြံစည်မှုနှင့်ပတ်သက်ပြီး ဘွန်ဂို အစိုးရဘက်မှ ထောက်ခံအားပေးကြောင်း အာဖရိကသမဂ္ဂကထုတ်ပြန်ခဲ့သည်။ ဂါဘွန်နိုင်ငံတွင်  အာဏာသိမ်းရန်ကြံစည်မှုနှင့် ပတ်သက်ပြီး အာဖရိကသမဂ္ဂက ပြစ်တင်ရှုတ်ချကြောင်း အာဖရိကန်သမဂ္ဂကော်မရှင် မူဆာ ဖာကီ မာဟာမတ်က ၎င်း၏ တွစ်တာအကောင့်မှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။ "အာဖရိကသမဂ္ဂ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ပြောင်းလဲရေးဆန့်ကျင်မှုကို ထပ်လောင်းအတည်ပြုပါတယ်" ဟု ၎င်းက ထည့်သွင်းရေးသားခဲ့သည်။

သမ္မတမဖြစ်လာခင် ဂါဘွန်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဖြစ်ခဲ့သည့် ပြင်သစ်နိုင်ငံတွင် ပညာသင်ကြားခဲ့သော ဘွန်ဂိုက ၂၀၁၆ ခုနှစ်တွင် ပြန်လည်ရွေးကောက်ပွဲ၌ ပြိုင်ဘက် ဂျင်ပင်းကို အနိုင်ရရှိခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲမှာ မူမမှန်မှုများဖြင့် ပြည့်နှက်ခဲ့ကြောင်း ၎င်းသာလျှင် ဂါဘွန်သမ္မတ အစစ်အမှန်ဖြစ်ကြောင်း ဂျင်ပင်းက ပြောကြားခဲ့သည်။

ခန့်လင်းဦး ဘာသာပြန်သည်။