ဆော်ဒီမိန်းကလေးကိစ္စ ထိုင်းနှင့် ဆော်ဒီအရာရှိများ ဆွေးနွေး

ဆော်ဒီမိန်းကလေးကိစ္စ ထိုင်းနှင့် ဆော်ဒီအရာရှိများ ဆွေးနွေး

ဘန်ကောက် ” ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ် ရေးရဲအဖွဲ့ အကြီးအကဲသည် ဘန်ကောက် မြို့ရှိ ဆော်ဒီသံရုံးက အရာရှိများနှင့် ဇန်နဝါရီ ၈ ရက်တွင် တွေ့ဆုံခဲ့ပြီးနောက် နှိပ်စက်သော မိသားစုထံမှ ထွက်ပြေးလာသည့် ဆော်ဒီ မိန်းကလေးကိစ္စ ကိုင်တွယ်ဖြေရှင်းခဲ့မှုနှင့် စပ်လျဉ်း၍ ကျေနပ်မှုရှိကြောင်း ဆော်ဒီ အရာရှိများက သူ့ကို ပြောကြားခဲ့သည်ဟုဆိုသည်။

ဗိုလ်ချုပ် ဆူရာချာတီ ဟက်ပန်းက ဆော်ဒီရှိ သံတမန်များနှင့် တွေ့ဆုံပြီး ၎င်းတို့ ၏ တုံ့ပြန်မှုကို သတင်းထောက်များကို ရှင်းပြခဲ့သည်။ ဘန်ကောက်ရှိ ဆော်ဒီသံရုံးက ဇန်နဝါရီ ၈ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ရာ၌ ရာဟတ် မိုဟာမက် အယ်လ် ကူနန်ကို လွှဲပြောင်းပေးရန် တောင်းဆိုခြင်း၊ သို့တည်းမဟုတ် သူ၏ နိုင်ငံကူးလက်မှတ်ကို သိမ်းယူခြင်းဆိုသည့် စွပ်စွဲမှုများကို ငြင်းဆို ခဲ့သည်။ ယခုကိစ္စမှာ မိသားစုအရေးဖြစ်သည်။ သို့ရာတွင် သံရုံးက အထူးအလေးထား စောင့်ရှောက်ခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။

အသက် ၁၈ နှစ်အရွယ်ရှိ ဆော်ဒီနိုင်ငံသူ ရာဟာ့ဖ် မိုဟာမက် အယ်လ် ကူနန်၏မိသားစုရှိရာ ကူဝိတ်သို့ပြန်ရန် လေယာဉ်ပေါ် တင်ပို့ ခံရလျှင် ၎င်း၏အသက်အန္တရာယ် စိုးရိမ် ရကြောင်း လူမှုမီဒီယာမှတစ်ဆင့် အကူ အညီတောင်းဆိုသောအခါ ကမ္ဘာက ၎င်းကိစ္စ ကို အာရုံစိုက်လာကြသည်။

၎င်းသည် ကုလသမဂ္ဂဒုက္ခသည်များ အေဂျင်စီ၏ အစောင့်အရှောက်ဖြင့် ထိုင်းနိုင်ငံတွင် ငါးရက်မှ ခုနစ်ရက် နေထိုင်ခွင့် ရမည်ဟု မျှော်လင့်ရသည်။ ၎င်းသည် သြစတြေးလျနိုင်ငံသို့ ခိုလှုံခွင့်ရရန် သွားလိုသည်ဟုဆိုသည်။ "အသက်အန္တရာယ်ရှိမယ့် နေရာကို ဘယ်သူ့ကိုမှ မပို့ပါဘူး။ တရားဥပဒေစိုးမိုးမှုအရ လူ့အခွင့်အရေးစည်းမျဉ်းကို လိုက်နာမယ်"ဟု ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲချုပ် ဗိုလ်ချုပ် ဆူရာချာတီ ဟက်ပန်းက ဆိုသည်။အယ်လ်ကူနန်ကို သြစတြေးလျသို့ ဆက်သွားခွင့်ပြုသင့်ကြောင်း၊ ၎င်းတွင် သြစတြေးလျဗီဇာရှိကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ အာရှလက်ထောက်ဒါရိုက်တာ ဖီးရော်ဘာဆန်က ဆိုသည်။