ကွန်ဂို သမ္မတရွေးကောက်ပွဲ ရလဒ်များကြေညာရန် နှောင့်နှေး

ကွန်ဂို သမ္မတရွေးကောက်ပွဲ ရလဒ်များကြေညာရန် နှောင့်နှေး

ကင်ရှားဆား(ကွန်ဂို)-ကွန်ဂိုသမ္မတ ရွေးကောက်ပွဲရလဒ်ကို စိုးရိမ်တကြီးနှင့် စောင့်စားနေသော ကွန်ဂိုနိုင်ငံတွင် မြို့တော် ကင်ရှားဆားရှိ လူများစုက အတိုက်အခံတို့ အနိုင်ရသည်ဟု ၎င်းတို့ ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

တရားဝင်ရွေးကောက်ပွဲ ရလဒ်များကြေညာရန် နှောင့်နှေးနေခြင်းက အာဏာရပါတီ အနိုင်ရရှိရေးဘက်ကို ဦးစားပေးရန် လှည့်ဖျားမှုများကို ခွင့်ပြုနေခြင်းဖြစ်သည် ဟုဆိုသည်။ အတိုက်အခံ သမ္မတလောင်း မာတင်  ဖာယူးလူးနှင့် အေပီသတင်းဌာနက ဇန်နဝါ ရီ ၇ ရက်တွင် တွေ့ဆုံမေးမြန်းရာ၌ ၎င်းက ကွန်ဂိုနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်ကို "မီးနှင့်မကစားရန် ထိုလုပ်ရပ်သည် အလွန်အန္တရာယ်ကြီးကြောင်း"  သတိပေးပြောကြားခဲ့သည်။

မှန်ကန်သည့် ရွေးကောက်ပွဲရလဒ် ကိုလည်း အမြန်ဆုံးထုတ်ပေးရန် လိုအပ် သည်ဟုဆိုသည်။ အကြမ်းဖက်နှိမ်နင်းရေး ရဲအတော်များများသည် ရွေးကောက်ပွဲ ကော်မရှင်ရုံးရှေ့တွင် ညသန်းခေါင်အထိ စောင့်ဆိုင်းလျက်ရှိသည်။ ဒီဇင်ဘာ ၃၀ ရက်တွင် ရွေးကောက်ပွဲများ ကျင်းပပြီး နောက်ပိုင်း ကွန်ဂိုအစိုးရက ကျယ်ပြန့်သည့် အာဖရိက အလယ်ပိုင်းနိုင်ငံ တစ်ဝန်းလုံးတွင် ရွေးကောက်ပွဲ၌ မည်သူအနိုင်ရသည်ကို ရေးသားနေကြသော လူမှုမီဒီယာများ၌ ပေါ်ပေါက်နေသည့် ကောလာဟလများကို ဟန့်တားရန်နှင့် အသံလွှင့်ဌာန အချို့၏ ထုတ်လွှင့်ချက်များကို ပိတ်ဆို့နိုင်ရန် အင်တာနက် အဆက်အသွယ်ကို ဖြတ်တောက်ပစ်ခဲ့သည်။ သို့ရာတွင် ပြည်တွင်း၌ ပြည်သူလူထု ဆွေးနွေး ပြောဆိုနေကြသည်များကို ဟန့်တားနိုင် ခြင်းမရှိခဲ့ပေ။

တင်စိန် ဘာသာပြန်သည်။