မိသားစုထံမှ ထွက်ပြေးခဲ့ပြီး လက်ရှိ ကုလသမဂ္ဂက ဒုက္ခသည်အဖြစ် သတ်မှတ်ထားသည့် ဆော်ဒီအမျိုးသမီး ရာဟာ့ဖ် မိုဟမ္မဒ် အယ်လ်ကူနန်ကိုထောက်ခံကြောင်း ပြသသည့်အနေဖြင့် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၌ ဇန်နဝါရီ ၁၀ ရက်တွင် အမျိုးသမီးလေးဦးသည် ခန္ဓာကိုယ်အပေါ်ပိုင်းကိုအဝတ်အစားမဝတ်ဘဲနေကာ ဆန္ဒထုတ်ဖော်ခဲ့သည်။
အသက် ၁၈ နှစ်အရွယ် အယ်လ်ကူနန်သည် ထိုင်းနိုင်ငံ ဗန်ကောက်မှတစ်ဆင့် သြစတြေးလျသို့ထွက်ခွာရန်ပြင်ဆင်စဉ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၎င်းသည် ဒုက္ခသည်တစ်ဦးဖြစ်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိ်ုင်ရာမဟာကော်မရှင်နာရုံးက ဇန်နဝါရီ ၉ ရက်တွင်သတ်မှတ်ခဲ့သည်။ ဆော်ဒီအာရေဗျနိုင်ငံရှိ မိသားစုထံသို့ ပြန်ပို့ပါက အသက်အန္တရာယ်ရှိနေကြောင်း ပြောဆိုပြီး အယ်လ်ကူနန်သည် ဗန်ကောက်ရှိဟိုတယ်ခန်းထဲတွင် တခါးပိတ်နေထိုင်ခဲ့ပြီးနောက် လူမှုမီဒီယာမှတစ်ဆင့် ၎င်း၏ဖြစ်အင်ကို တစ်ကမ္ဘာလုံးသိအောင် ထုတ်ဖော်ခဲ့သည်။
ဇန်နဝါရီ ၁၀ ရက် အစောပိုင်းတွင် ဆစ်ဒနီမြို့လယ်၌ ၎င်းတို့ကိုယ်၎င်းတို့ လျှို့ဝှက်ညီအစ်မများအဖွဲ့ဟု ခေါ်ဆိုထားသည့် အမျိုးသမီးလေးဦးသည် ဂျင်းဘောင်းဘီများဝတ်ဆင်ထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို ဗလာကျင်းထားကာ အယ်လ်ကူနန်အတွက် တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့သည်။ ယင်းအမျိုးသမီးများသည် ဆစ်ဒနီရှိ ဆော်ဒီကောင်စစ်ဝန်ရုံးရှေ့၌ စုဝေးပြီး အယ်လ်ကူနန်ကို နေထိုင်ခွင့်ပေးရန် သြစတြေးလျအစိုးရကိုတောင်းဆိုခဲ့သည်။
၎င်းတို့၏ကျောတွင် လျှို့ဝှက်ညီအစ်မများဟု အနက်ရောင်ဖြင့်ရေးသားထားသည့် အမျိုးသမီးများသည် သူ့ကိုဝင်ခွင့်ပေးလိုက်၊ ရာဟာ့ဖ် သူရဲကောင်းမနှင့် အမျိုးသမီးအားလုံး လွတ်လပ်ပြီး လုံခြုံမှုရှိစေချင် အစရှိသည့် စာများကိုရေးသားထားသည့် ကတ်ပြားများကိုကိုင်ဆောင်ခဲ့ကြသည်။
အယ်လ်ကူနန်၏ဖြစ်ရပ်ကို သြစတြေးလျအစိုးရစာနာနားလည်လာရေးအတွက် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း လျှို့ဝှက်ညီအစ်မများအဖွဲ့ကိုတည်ထောင်သူ ယာ့ခ်လက်ဗ်ကပြောဆိုခဲ့သည်။ အကယ်၍ အယ်လ်ကူနန်သည် ဒုက္ခသည်တစ်ဦးဖြစ်ကြောင်း တွေ့ရှိပါက လူသားချင်းစာနာမှုဗီဇာပေးရန် မိမိတို့ စာနာမှုရှိစွာ စဉ်းစားရမည်ဖြစ်ကြောင်း သြစတြေးလျကျန်းမာရေးဝန်ကြီး ဂရက်ဟန့်က ပြောဆိုခဲ့သည်။ အယ်လ်ကူနန်၏မိဘများ ဇန်နဝါရီ ၈ ရက်၌ ဗန်ကောက်သို့ ရောက်ရှိခဲ့သော်လည်း ၄င်းတို့နှင့်တွေ့ဆုံရန် အာလ်ကွင်န်က ငြင်းဆိုခဲ့သည်။
ယခင်နှစ်များကလည်း ဆော်ဒီအမျိုးသမီးများ မိသားစု၏အနိုင်ကျင့်မှုကြောင့် ပြည်ပထွက်ပြေးခိုလှုံရန် ကြိုးပမ်းမှုများ ရှိခဲ့ပြီး အများအားဖြင့် မိခင်နိုင်ငံ ပြန်ပို့ခံခဲ့ရကာ လူသိနည်းခဲ့သည်။ အာလ်ကွန်၏ဖြစ်စဉ်မှာ လူမှုကွန်ရက်ပေါ်တွင် လျင်မြန်စွာပြန့်နှံ့ခဲ့ပြီး မီဒီယာများနှင့် လူ့အခွင့်အရေးအုပ်စုများစွာ၏ အာရုံစိုက်မှု ရရှိခဲ့သည်။
ဗန်ကောက်သို့ရောက်ရှိခဲ့ပြီးနောက် အယ်လ်ကူနန်သည် တွစ်တာအကောင့်သစ်တစ်ခု ဖွင့်လှစ်ခဲ့ပြီး ၄င်းအကောင့်သစ်သည် တစ်ရက်လျင် ဖော်လိုဝါ ၄၅၀ဝ၀ ရရှိနေကြောင်း၊ ထိုင်းရှိ ဆော်ဒီသံတမန်တို့နှင့် ထိုင်းလူဝင်မှုဌာနတို့ ဆွေးနွေးခဲ့ရာတွင် ယခုအရေးသည် မိသားစုတစ်စုအရေးသာဖြစ်သည်ဟု ဆော်ဒီတို့က ပြောဆိုခဲ့ကြောင်း၊ ဆော်ဒီသို့ ပြန်ပို့ရန် တောင်းဆိုခဲ့ခြင်းမရှိကြောင်း ထိုင်းလူဝင်မှုဌာနက ပြောဆိုခဲ့သည်။

















