မင်းကင်းမြို့နယ်ရှိ စားသောက်ဆိုင်၌ စကားများရန်ဖြစ်ရာက ဓားဖြင့်ထိုးသဖြင့် တစ်ဦးသေ တစ်ဦးဒဏ်ရာရမှု ဇန်နဝါရီ ၉ ရက်ကဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ ည ၈ နာရီခွဲ အချိန်ခန့်တွင် မင်းကင်းမြို့မင်းကင်း-လပို့ကားလမ်းနှင့် မင်းကင်း-တောင်တွင်းကားလမ်းဆုံအနီး စားသောက်ဆိုင်၌ ဓားထိုးမှုဖြစ်ပွားကြောင်းသတင်းအရ မင်းကင်းရဲစခန်းမှ ရဲအုပ်ဇော်ဝင်းထွန်းနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါနေရာတွင် မင်းကင်းမြို့နယ်၊ ကျွန်းတော်အနောက်ရွာနေ မောင်စိုးမင်းသူမှာ လည်ပင်းဝဲဘက်ထိုးသွင်းဒဏ်ရာ ၊လည်ပင်းအရှေ့တည့်တည့်ထိုးသွင်းဒဏ်ရာ၊ နှာခေါင်းဝဲဘက်ဘေး ထိုးသွင်းပြတ်ရှဒဏ်ရာ၊ ဝဲဘက်ပါးရိုးဘေး ထိုးသွင်းဒဏ်ရာများရရှိနေပြီး ဝင်ရောက်ဖျန်ဖြေသည်ဆိုသူ ကျွန်းတော်အနောက်ရွာနေ မောင်စောဝင်းထွဋ် လည်း လည်ပင်းယာဘက်ဘေးပြတ်ရှဒဏ်ရာ ရရှိကြောင်း တွေ့ရသဖြင့် မင်းကင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရသည်။
ထိုသို့တင်ပို့ကုသစဉ် စိုးမင်းသူမှာ ည ၈ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ရရှိသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။
စုံစမ်းချက်အရ အခင်းဖြစ် လမ်းဆုံအနီး ရွှေလက်ယာစားသောက်ဆိုင်၌ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်နေ ကျည်းတန်ဆိုသူနှင့် စားသောက်ရာက ခိုက်ရန်ဖြစ်ပွားစဉ် ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မင်းကင်းရဲစခန်းက (ပ) ၃၀/၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၂၆ တို့အရ အမှုဖွင့်ကာ ပြစ်မှုကျုးလွန်သူ ကျည်းတန်အား ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။
















