အယ်လ်ဂျီးရီးယားအလှမယ် အသားအရေနှင့်မျက်နှာသွင်ပြင်ကြောင့် ဝေဖန်ခံရ

အယ်လ်ဂျီးရီးယားအလှမယ် အသားအရေနှင့်မျက်နှာသွင်ပြင်ကြောင့် ဝေဖန်ခံရ

မကြာသေးမီကမှ အယ်လ်ဂျီးရီးယားမယ်ဆုရရှိခဲ့သည့် အမျိုးသမီးသည် အသားအရေနှင့် မျက်နှာသွင်ပြင်တို့ကြောင့် ဝေဖန်ပြစ်တင်ခံနေရပြီဖြစ်သည်။

အသားညိုခြင်း၊ နှာခေါင်းနှင့် နှုတ်ခမ်းတို့ကြောင့် အယ်လ်ဂျီးရီးယားမယ် ခါဒီဂျာ ဘန် ဟာမိုသည် ဖေ့စ်ဘွတ်ခ်နှင့် တွစ်တာလူမှုမီဒီယာများတွင် ဝေဖန်ခံနေရခြင်းဖြစ်သည်။ သို့သော် လူများ၏ဝေဖန်မှုကြောင့် နောက်ဆုတ်အလျှော့ပေးသွားမည်မဟုတ်ကြောင်း ဘန်ဟာမိုကပြောဆိုခဲ့သည်။ မြောက်အာဖရိကရှိ အယ်လ်ဂျီးရီးယားတွင် အသားညိုသည့် နိုင်ငံသားများသည် ခွဲခြားဆက်ဆံခြင်းခံနေရသည်။

၎င်း၏ရုပ်ရည်သွင်ပြင်နှင့် မယ်ဆုရရှိခဲ့သည့်အတွက် ဂုဏ်ယူမိကြောင်း နိုင်ငံတောင်ပိုင်း အာဒရာဒေသသူ ဘန်ဟာမိုကပြောဆိုခဲ့သည်။ ထို့ပြင် ပြည်သူများကိုလည်း မယ်ပြိုင်ပွဲဝင်ရန် တိုက်တွန်းလိုကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။

နှစ်စဉ်ပြုလုပ်နေကျ အလှမယ်ပြိုင်ပွဲတွင် ဘန်ဟာမိုသည် ၂၀ဝ၅ ခုနှစ်တွင် မယ်ဆုရရှိခဲ့သည့် နက်ဆီမာ မိုကာဒမ်ပြီးနောက် ဒုတိယမြောက် လူမည်းအမျိုးသမီးဖြစ်ကြောင်း ဖက်ရှင်မဂ္ဂဇင်း Vogue က ဖော်ပြခဲ့သည်။ ဘန်ဟာမိုသည် ပြိုင်ပွဲ ၂၀ ခန့်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် အယ်လ်ဂျီးရီးယားမယ်အဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

ဘန်ဟာမိုသည် အယ်လ်ဂျီးရီးယား၏အလှကိုကိ်ုယ်စားမပြုကြောင်း ဝေဖန်ပြောဆိုမှုများရှိခဲ့သည်။ အသားအရောင်ဖြူခြင်းနှင့်မဲခြင်းတို့ကြား ကွဲပြားမှုမရှိသောကြောင့် အရေပြားတစ်ထောက်စာကိုသာ ကြည့်ပြီး ဝေဖန်ရန်မသင့်ကြောင်း ဘန်ဟာမိုကပြောဆိုခဲ့သည်။

အယ်လ်ဂျီးရီးယားနှင့် အခြားမြောက်အာဖရိကနိုင်ငံများတွင် အသားအရောင်ဖြူလေ လှပလေဟု သတ်မှတ်ချက်များရှိနေသည်။ နိုင်ငံတကာအလယ်တွင် ၎င်းတို့ကိုယ်စားပြုမည့်သူမှာ အသားညိုသူဖြစ်နေခြင်းကြောင့် အယ်လ်ဂျီးရီးယားသားများ မကျေမနပ်ဖြစ်နေခြင်းဖြစ်ကြောင်း မီဒီယာများကဖော်ပြခဲ့သည်။