တရုတ်ဆက်သွယ်ရေးနည်းပညာပစ္စည်းများအသုံးပြုမှုနှင့်ပတ်သက်၍ အမေရိကန်နှင့် အစ္စရေးဆွေးနွေး

တရုတ်ဆက်သွယ်ရေးနည်းပညာပစ္စည်းများအသုံးပြုမှုနှင့်ပတ်သက်၍ အမေရိကန်နှင့် အစ္စရေးဆွေးနွေး

တရုတ်ဆက်သွယ်ရေးနည်းပညာပစ္စည်းများကို အသုံးပြုမှုကြောင့်လုံခြုံရေးထိခိုက်လာနိုင်ခြေရှိမရှိနှင့်ပတ်သက်၍ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်လ်တန်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုတို့သည် လွန်ခဲ့သော ရုံးပိတ်ရက်များတွင် ဆွေးနွေးခဲ့ကြောင်း အမေရိကန်အစိုးရအရာရှိတစ်ဦးက ဇန်နဝါရီ ၉ ရက်တွင်ပြောဆိုခဲ့သည်။

ဉာဏပစ္စည်းမူပိုင်ခွင့်ချိုးဖောက်ခံရခြင်းနှင့် တရုတ်ဆက်သွယ်ရေးကုမ္ပဏီများကို တရုတ်အစိုးရက ထောက်လှမ်းရေးပြုလုပ်ရာတွင် အသုံးချနိုင်ခြေတို့နှင့်ပတ်သက်၍ စိုးရိမ်မိကြောင်း ၎င်းအဆင့်မြင့်အရာရှိက ပြောဆိုခဲ့သည်။ တရုတ်ရှိ အကြီးဆုံးကွန်ရက်ကိရိယာထုတ်လုပ်ရေးကုမ္ပဏီနှစ်ခုဖြစ်သည့် ဟွာဝေးနှင့် ဇက်တီအီးတို့ အမေရိကန်ဈေးကွက်တွင်နေရာများစွာမရစေရန် ထရမ့်အစိုးရက ကြိုးပမ်းခဲ့ပြီးဖြစ်သည်။

တရုတ်နည်းပညာနှင့် အစ္စရေးမြောက်ပိုင်း ဟိုင်ဖာ၌ တရုတ်စီးပွားရေးလုပ်ငန်းတစ်ခုက ရင်းနှီးမြှုပ်နှံမှုတို့နှင့်ပတ်သက်၍ စိုးရိမ်မိကြောင်း အစ္စရေးအာဏာပိုင်များကလည်းပြောဆိုခဲ့သည်။ အမေရိကန်စစ်တပ်၏ အမှတ် ၆ ရေတပ်တပ်ရင်းတည်ရှိရာ ဟိုင်ဖာ၌ ပုဂ္ဂလိကဆိပ်ကမ်းတစ်ခုကို ရှန်ဟိုင်းနိုင်ငံတကာဆိပ်ကမ်းလုပ်ငန်းစုအား စီမံခွင့်ပေးရန် နေတန်ယာဟု၏အစိုးရက ၂၀၁၃ ခုနှစ်တွင် ဆုံးဖြတ်ခဲ့သည်။ ဟိုင်ဖာတွင် တရုတ်ကိုလုပ်ကိုင်ခွင့်ပေးခဲ့သည့်အတွက် အမှတ် ၆ ရေတပ်တပ်ရင်းသည် အောက်တိုဘာတွင် မြေထဲပင်လယ်ရှိ အက်ရှ်ဒေါ့ဆိပ်ကမ်းတွင် စစ်သင်္ဘောများကိုု ဆိုက်ကပ်ထားခဲ့သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် ဟွာဝေးသည် အစ္စရေးပိုင် ဟဲဇာတိုင်ယာနည်းပညာကုမ္ပဏီကို ဒေါ်လာ ၄၂ သန်းဖြင့် ဝယ်ယူခဲ့သည်။ ယင်းလမှာပင် ဟွာဝေးသည် သတင်းနည်းပညာသုတေသနကုမ္ပဏီ တိုဂါကွန်ရက်စ်ကိုလည်း ဝယ်ယူခဲ့ပြန်သည်။

အစ္စရေးသို့ အဆင့်မြင့်ကိုယ်စားလှယ်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကိုစေလွှတ်ခဲ့သည့် ၂၀၁၃ ခုနှစ်မှစ၍ ဇက်တီအီးသည် အစ္စရေးရှိ နည်းပညာကဏ္ဍတွင်စိတ်ဝင်စားလာခဲ့ကြောင်း အစ္စရေးမီဒီယာများကဖော်ပြခဲ့သည်။