သြစတြေးလျတွင် သံရုံးများသို့ သံသယရှိဖွယ် ပါဆယ်ထုပ် ၃၈ ထုပ်ထိ ပို့ခဲ့သူကို ဖမ်းဆီး

သြစတြေးလျတွင် သံရုံးများသို့ သံသယရှိဖွယ် ပါဆယ်ထုပ် ၃၈ ထုပ်ထိ ပို့ခဲ့သူကို ဖမ်းဆီး

သြစတြေးလျနိုင်ငံ ကန်ဘာရာမြို့၊ မဲလ်ဘုန်းနှင့် ဆစ်ဒနီမြို့များသို့ သံသယဖြစ်ဖွယ် ပါဆယ်ထုပ် ၃၈ ထုပ်ထိ ပို့ခဲ့သူတစ်ဦးကို ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၀ ရက်တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။

ဇန်နဝါရီ ၉ ရက်တွင် နိုင်ငံတစ်ဝန်း သံရုံးအများအပြားသို့ ပါဆယ်ထုပ်များ တစ်ပြိုင်နက် ရောက်ရှိသွားမှုကြောင့် အလန့်တကြားဖြစ်ကာ ရဲကို တိုင်ကြားမှုများ ရှိခဲ့သည်။ ပါဆယ်ထုပ်များအတွင်း မည်သည့်ပစ္စည်းများ ပါဝင်ကြောင်းကို စစ်ဆေးအတည်ပြုနေဆဲဖြစ်ပြီး မည်သည့်သံရုံးဝန်ထမ်းမျှ ထိခိုက်ဒဏ်ရာရခြင်းမျိုးမရှိကြောင်း သိရသည်။

အများပြည်သူအတွက် အန္တရာယ်ရှိသည့် အနေအထား မတွေ့ရကြောင်း သြစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့က ပြောသည်။ ဖမ်းဆီးခံရသူ သံသယတရားခံသည် အသက် ၄၈ နှစ်အရွယ်ဖြစ်ပြီး စာတိုက်မှတစ်ဆင့် အန္တရာယ်ရှိ ပစ္စည်းများပေးပို့မှုဖြင့် အမှုဖွင့်ခံထားရကာ အပြစ်ကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်ထိ ကျခံရနိ်ုင်သော ပြစ်မှုဖြစ်သည်။ ကန်ဘာရာ၊ မဲလ်ဘုန်း၊ ဆစ်ဒနီ အပါအဝင် မြို့ကြီးများရှိ နိုင်ငံတကာ သံရုံးများ၊ ကောင်စစ်ဝန်ရုံးများ၌ ဇန်နဝါရီ ၉ ရက်တွင် ပါဆယ်ထုပ်များကြောင့် အလန့်တကြား ဖြစ်ပွားခဲ့သည်။ ဗြိတိန်၊ အမေရိကန်၊ ဆွစ်ဇာလန်၊ ပါကစ္စတန်၊ အိန္ဒိယ၊ ဂရိ၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ အီတလီ၊ စပိန်၊ ပြင်သစ် စသည့် သံရုံးများ ပါဝင်ကြောင်း သိရသည်။

သံသယတရားခံသည် မဲလ်ဘုန်းမြို့ မြောက်ဘက် ၁၂၅ မိုင်အကွာ ရှက်ပါတန်မြို့တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။ သံသယ တရားခံကို ဇန်နဝါရီ ၁၀ ရက်တွင် မဲလ်ဘုန်းမြို့၌ စတင် ရုံးထုတ်ခဲ့ကြောင်းလည်း သိရသည်။