မက္ကဆီကိုနိုင်ငံတွင်းဖြစ်ပွားနေသည့် လောင်စာဆီခိုးယူမှုများကို ရပ်ဆိုင်းသွားရေးလုပ်ဆောင်မည်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူများကို ထိုက်သင့်သည့် ပြစ်ဒဏ်များချမှတ်မည်ဖြစ်ကာ နိုင်ငံသားများအနေဖြင့် လတ်တလော အကျပ်အတည်းကိုသည်းခံကြရန် မက္ကဆီကိုသမ္မတသစ် အန်ဒရေစ် မဲနူယယ် လိုပက်ဇ် အော်ဘရာဒေါက ဇန်နဝါရီ ၉ ရက်တွင် ပြောဆိုခဲ့သည်။
ပြည်နယ်ပေါင်းများစွာရှိ လောင်စာဆီပိုက်လိုင်းများ ဖောက်ထွင်းခံရပြီး လောင်စာများခိုးယူခံခဲ့ရပြီးနောက် သမ္မတလိုပက်ဇ် အော်ဘရာဒေါသည် အစိုးရပိုက်လိုင်းများကို ပိတ်သိမ်းရန်ဆုံးဖြတ်ခဲ့ပြီး သဘာဝဓာတ်ငွေ့နှင့် ဒီဇယ်တို့ကို လောင်စာတင်ယာဉ်များဖြင့် ပို့ဆောင်ရန် စီစဉ်ခဲ့သည်။ သို့သော် လောင်စာတင်ယာဉ်ကြီးများ အလုံအလောက်မရှိသောကြောင့် ပြည်နယ်တချို့၌ ယခုအပတ်အတွင်း ဓာတ်ငွေ့ဆိုင်များ၌ ယာဉ်တန်းရှည်ကြီးများရှိလာခဲ့သည်။ ဇန်နဝါရီ ၈ ရက်နှင့် ၉ ရက်တို့တွင် မြို့တော် မက္ကဆီကိုစီးတီး၌ လောင်စာဖြည့်မည့် ယာဉ်တန်းရှည်ကြီးများရှိခဲ့သည်။
လောင်စာခိုးယူမှုများကြောင့် အများပြည်သူထိခိုက်နေရပြီဖြစ်သောကြောင့် ခိုးယူမှုကို တိုက်ဖျက်ရမည်ဖြစ်ကြောင်း တက္ကစီယာဉ်မောင်း ရေမန်ဒို ကာဘရဲရာ ဒီးယက်ဇ်ကပြောဆိုခဲ့သည်။ တစ်နှစ်လျှင် ဒေါ်လာ ၃ ဘီလီယံ တန်ဖိုးရှိသည့် လောင်စာခိုးယူမှုသည် ဒီဇင်ဘာ ၁ ရက်တွင် စတင်တာဝန်ထမ်းဆောင်သည့် လက်ဝဲဝါဒီသမ္မတအတွက် ပြဿနာကြီးတစ်ခုဖြစ်နေခဲ့သည်။ ရာဇဝတ်မှုကျူးလွန်သူများကို အနိုင်ရရှိရန်အတွက် အစိုးရအား ကူညီရန် ပြည်သူများကို ပန်ကြားနေရခြင်းဖြစ်ကြောင်း လိုပက်ဇ် အော်ဘရာဒေါကပြောဆိုခဲ့သည်။
မက္ကဆီကိုစီးတီးသို့သွယ်တန်းထားသည့် ပိုက်လိုင်းတစ်ခု ယိုပေါက်ခဲ့ပြီးနောက် မြို့တော်တွင်လည်း လောင်စာအကျပ်အတည်းရှိလာခဲ့သည်။ နိုင်ငံတော်၏အချုပ်အခြာအာဏာ မထိပါးရေးလှုပ်ရှားမှုကိုလုပ်ဆောင်သောကြောင့် ယာဉ်မောင်းများအနေဖြင့် အစိုးရိမ်ကြီးကာ လောင်စာများကို လိုအပ်သည်ထက် ပိုမိုဝယ်ယူခြင်းမပြုရန် တိုက်တွန်းလိုကြောင်း သမ္မတက တိုက်တွန်းပြောဆိုခဲ့သည်။
သဘာဝဓာတ်ငွေ့ပြတ်လပ်မှုကြောင့် ဆိုးကျိုးများရှိနေပြီဖြစ်သည်။ မြို့တော်ရှိ အကြီးဆုံးနှင့် အခြေခံလူတန်းစားအများဆုံးနေထိုင်သည့် နဲဇာဟောကိုယော့၌ ရဲတပ်ဖွဲ့ဝင် ၂၀ဝ ခန့်သည် စက်ဘီးများဖြင့် ကင်းလှည့်လည်နေရပြီဖြစ်သည်။

















