စာမေးပွဲဖြေဆိုခါနီး  မီးဘေးသင့်ခဲ့သည့် ဖျာပုံ ချောင်းဝကျေးရွာ ကျောင်းသား  ကျောင်းသူ  ၁၅၀  ကျော်  အကူအညီလိုအပ်နေ

စာမေးပွဲဖြေဆိုခါနီး  မီးဘေးသင့်ခဲ့သည့် ဖျာပုံ ချောင်းဝကျေးရွာ ကျောင်းသား  ကျောင်းသူ  ၁၅၀  ကျော်  အကူအညီလိုအပ်နေ

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ဒေးဒလူကျေးရွာအုပ်စု ချောင်းဝ ကျေးရွာမှ ကျောင်းသား ကျောင်းသူ ၁၅၀ ကျော်မှာ နှစ် ဆုံးစာမေးပွဲဖြေဆိုခါနီးအချိန်တွင် မီးဘေး သင့်ခဲ့မှုကြောင့် အကူအညီများ လိုအပ်နေ ကြောင်း သိရသည်။

အကူအညီလို

မီးလောင်မှုအတွင်း ချောင်းဝကျေးရွာ အထက်တန်းကျောင်းခွဲတွင် တာဝန်ထမ်းဆောင် နေသည့် ဆရာမ နှစ်ဦးနှင့် ပညာသင်ကြား နေသည့် ကျောင်းသား ကျောင်းသူ ၁၅၇ ဦး တို့၏ ကျောင်းစိမ်းဝတ်စုံများ၊ ကျောင်းသုံး ပစ္စည်းများ မီးထဲပါသွားသည့်အတွက် အကူ အညီများ လိုအပ်နေကြောင်း ကျောင်းတာဝန် ရှိသူများထံမှ သိရသည်။

"ကလေးတွေက ကျောင်းအားကစားလုပ် နေတဲ့အတွက် ကျောင်းဝင်းထဲမှာတော့ ရှိတယ်။ ဒါပေမဲ့ သူတို့အိမ်တွေ မီးလောင်သွားတဲ့ အတွက် သူတို့ ကိုယ်မှာရှိတဲ့ ယူနီဖောင်း တစ်စုံကလွဲပြီး ကျန်တာအကုန်လုံး မီးထဲပါ သွားတာ။ ကလေးတွေအတွက် အဓိကလိုအပ် နေတာက ဆောင်းတွင်းဖြစ်တဲ့အတွက် အနွေး ထည်လိုမယ်၊ ကျောင်းစိမ်းဝတ်စုံတွေလိုမယ်၊ ထမင်းချိုင့်လိုမယ်၊ အဲဒါတွေ အဓိကလိုအပ်နေ တာပါ" ဟု ချောင်းဝကျေးရွာ အထက်တန်း ကျောင်း (ခွဲ) ကျောင်းအုပ်ဆရာကြီး ဦးမင်း သီဟက ပြောဆိုသည်။

ကယ်ဆယ်ရေးပစ္စည်း

ချောင်းဝကျေးရွာတွင် ဇန်နဝါရီ ၃ ရက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့၍ နေအိမ် ၁၆၇ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၇၀ဝ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့၍ လတ်တလောတွင် မီးဘေး ဒုက္ခသည် အိမ်ထောင်စုများကို ဖျာပုံခရိုင် သဘာဝဘေးစီမံခန့်ခွဲမှု ဦးစီးဌာနမှ အရေး ပေါ်ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါဝင်သည့် ပုံးများကို အိမ်ထောင်စုတစ်စုလျှင် တစ်ပုံးနှုန်း၊ ထောက်ပံ့ပေးထားကြောင်း သိရသည်။

"ဖျာပုံခရိုင် သဘာဝဘေးစီမံခန့်ခွဲရေးဌာန က မနေ့က ညနေပိုင်းမှာတင် ချက်ချင်းပဲ ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါဝင်တဲ့ ပုံးတွေ ကို အိမ်ထောင်စုတစ်စုကို တစ်ပုံးနှုန်း ထောက်ပံ့ ပေးခဲ့ပါတယ်။ ကျန်ရှိနေတဲ့ အိမ်တွေလည်း ဆက်ပြီးတော့ ထောက်ပံ့ပေးသွားဖို့ ရှိတယ်။ ဆန်ရိက္ခာနဲ့ အိမ်ဆောက်ပစ္စည်းတွေလည်း ပေးအပ်သွားဖို့ စီစဉ်နေပါတယ်" ဟု ဧရာဝတီ တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးက ပြောဆိုသည်။

ဆက်သွယ်လှူဒါန်းနိုင်

မီးလောင်မှုကြောင့် ချောင်းဝကျေးရွာ အထက်တန်းကျောင်းခွဲတွင် တာဝန်ထမ်းဆောင် နေသည့် ဆရာမ နှစ်ဦးနှင့် ပညာသင်ကြားနေ သည့် ကျောင်းသားကျောင်းသူ ၁၅၇ ဦးတို့၏ ကျောင်းစိမ်းဝတ်စုံများ၊ ကျောင်းသုံးပစ္စည်းများ ဆုံးရှုံးခဲ့သဖြင့် လှူဒါန်းလိုသည့် အလှူရှင်များ အနေဖြင့် ကျောင်းအုပ်ဆရာကြီး ဦးမင်းသီဟ ဖုန်း- ဝ၉-၇၈၄၅၄၃၂၄၉ ထံသို့ ဆက်သွယ်လှူ ဒါန်းနိုင်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး