အမေရိကန်နေ လက်ကျန် နာဇီအစောင့်စစ်သားဟောင်း ဂျာမနီသို့လွှဲပြောင်းပေးလိုက်ပြီးနောက်မကြာမီ သေဆုံး

အမေရိကန်နေ လက်ကျန် နာဇီအစောင့်စစ်သားဟောင်း ဂျာမနီသို့လွှဲပြောင်းပေးလိုက်ပြီးနောက်မကြာမီ သေဆုံး

ဒုတိယကမ္ဘာစစ်ကာလက နာဇီ ချွေးတပ်စခန်းတွင် အစောင့်စစ်သားအဖြစ် ထမ်းဆောင်ခဲ့သူကို အမေရိကန်က ဂျာမနီသို့ လွှဲပြောင်းပေးခဲ့ပြီးနောက် ဂျာမနီတွင် အသက် ၉၅ နှစ်အရွယ်၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။

ဂျာကီ ပါလစ်သည် အမေရိကန်တွင် နေထိုင်သည့် နောက်ဆုံးလက်ကျန် နာဇီစစ်သားဟောင်းလည်းဖြစ်ကာ နှစ်ပေါင်းများစွာ တရားရင်ဆိုင်ပြီးနောက် ပြီးခဲ့သည့်နှစ်ကမှ အမေရိကန်က ဂျာမနီသို့ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်။ ပါလစ်သည် နာဇီနှင့် ဆက်စပ်နေကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် ၂၀ဝ၃ ခုနှစ်ကလည်းက အမေရိကန်နိုင်ငံသားအဖြစ်မှ ပယ်ဖျက်ခံခဲ့ရကာ နိုင်ငံမဲ့အဖြစ် ရပ်တည်နေခဲ့ခြင်းဖြစ်သည်။

ပါလစ်သည် ဂျာမနီနိုင်ငံ အာလန်းမြို့ သက်ကြီးဂေဟာတစ်ခုတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းသည် အမေရိကန်တွင်ရှိစဉ်က နယူးယောက်မြို့ လူမျိုးစုံ နေထိုင်သည့် ကွင်းန် အရပ်တွင် အခြေချခဲ့သူဖြစ်သည်။ ၎င်း၏ အတိတ်ရာဇဝင် ပေါ်သွားပြီးနောက်တွင် ၎င်းကို နိုင်ငံမှ နှင်ထုတ်ရန် အိမ်ရှေ့၌ မကြာမကြာ ဆန္ဒပြခံခဲ့ရ၊ ခြိမ်းခြောက်ခံခဲ့ရသည်။

ပါလစ်ကို ၁၉၂၃ ခုနှစ်က ပိုလန်တွင် မွေးဖွားခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် နာဇီတပ်သားအဖြစ် ဝင်ရောက်ခဲ့ပြီး၊ ဂျာမနီ နာဇီက သိမ်းပိုက်ထားသော ပိုလန်ရှိ ထရမ်နီကီ ချွေးတပ်စခန်းတွင် တာဝန်ချထားခံရသည်။

မစ္စတာ ပါလစ်ကမူ နာဇီ၏ လမ်းစဉ်ကို ထောက်ခံခြင်းမရှိသလို၊ ကြံရာပါ ဆောင်ရွက်ခဲ့ခြင်းမျိုးလည်း မရှိကြောင်း ဆိုထားသည်။ မိသားစုကို အသက်ရန်ရှာမည်စိုးရိမ်သောကြောင့်သာ နာဇီတပ်ထဲသို့ ဝင်ခဲ့ခြင်းဖြစ်ပြီး၊ အစောင့်အဖြစ်သာ တာဝန်ထမ်းခဲ့ကာ ချွေးတပ်စခန်းထဲသို့ ခြေချခဲ့ခြင်းပင် မရှိဟု ဆိုထားသည်။

အမေရိကန် တရားရုံးကလည်း မစ္စတာ ပါလစ်သည် အကျဉ်းသားများကို နှိပ်စက်ညှဉ်းပန်းမှုများတွင် ဆက်စပ်နေသော်လည်း၊ ကိုယ်တိုင်ကိုယ်ကျ နှိပ်စက်ခဲ့သည့် သက်သေမျိုး မတွေ့ရကြောင်း ဆိုထားသည်။