နယ်စပ်တံတိုင်းအရေးဘတ်ဂျက်ကိစ္စ ဒီမိုကရက်များနှင့်ညှိနှိုင်းမှု မအောင်မြင်ဘဲ ဖြစ်ခဲ့ရပြီးနောက် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်သည် မက္ကဆီကိုနယ်စပ်သို့ရောက်ရှိစစ်ဆေးခဲ့ပြီး အမျိုးသားအရေးပေါ်အခြေအနေကြေညာရန် ထပ်မံခြိမ်းခြောက်ခဲ့သည်။
၄င်း၏မဲဆွယ်ပွဲကတိတစ်ခုဖြစ်သည့် နယ်စပ်တံတိုင်းတည်ဆောက်ရေးအတွက် ရန်ပုံငွေ ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံ မပါဝင်၍ ဒီမိုကရက်ကြီးစိုးသည့် အောက်လွှတ်တော်အဆိုပြု ဘတ်ဂျက်မူကြမ်းကို သမ္မတထရမ့် အတည်မပြုခြင်းကြောင့် အစိုးရဝန်ထမ်းရှစ်သိန်းကျော် လစာမရဘဲဌာနဆိုင်ရာအချို့ လုပ်ငန်းရပ်တန့်ထားရသည်မှာ သုံးပတ်ရှိလာပြီဖြစ်သည်။
ဇန်နဝါရီ ၁၀ ရက်၌ ထရမ့်သည် မက္ကဆီကိုနယ်စပ်ရှိရာတက္ကဆက်ပြည်နယ် မက်အယ်လင်နှင့် ရီယိုဂရန်ဒီသို့ သွားရောက်ခဲ့ပြီး မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုများ ဆက်လက်ဖြစ်ပွားနေခြင်း လက်မခံနိုင်တော့ကြောင်း၊ တံတိုင်းအတွက် ရန်ပုံငွေရရှိနိုင်ခြင်း မရှိပါက အမျိုးသားအရေးပေါ်အခြေအနေကြေညာကောင်းကြေညာကာ ကာကွယ်ရေးတည်ဆောက်မှု ရန်ပုံငွေဖြင့် တံတိုင်းတည်ဆောက်ရေး သုံးစွဲသွားနိုင်ကြောင်း ပြောဆိုခဲ့သည်။
နယ်စပ်သို့ထွက်ခွာခြင်းမပြုမီ ၄င်းတွင် နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာပိုင်ခွင့် အမှန်တစ်ကယ် ရှိကြောင်းလည်းထရမ့်က ပြောဆိုခဲ့သည်။ မက္ကဆီကိုသည်လည်း တံတိုင်းအတွက်ကျခံရမည်ဟု ၄င်းပြောဆိုထားခဲ့ခြင်းနှင့် ပတ်သက်၍ တိုက်ရိုက်ဟုမဆိုလိုဘဲ ကုန်သွယ်ရေးသဘောတူညီမှုအသစ်အရ မက္ကဆီကိုထံမှရသည့်အခွန်အခများဖြင့် သွယ်ဝိုက်ကျခံမည်ဟုဆိုလိုကြောင်း ပြောင်းလဲပြောဆိုခဲ့သည်။
ထရမ့်အား ရီပတ်ဘလီကန်အမတ်အများစုက ထောက်ခံကြသော်လည်း အချို့ကမူ အစိုးရယန္တရားရပ်တန့်မှု အဆုံးသတ်ရန် တိုက်တွန်းခဲ့ကြသည်။ လွွှတ်တော်ကိုရှောင်ကွင်း၍ သမ္မတအာဏာဖြင့် အရေးပေါ်အခြေအနေကြေညာပြီး စစ်တပ်တည်ဆောက်မှုရန်ပုံငွေဖြင့် တံတိုင်းတည်ဆောက်မည်ဆိုသည်မှာလည်း ငွေစာရင်းခေါင်းစဉ် ပြောင်းလဲသုံးစွဲမှုဖြစ်၍ ဥပဒေရေးရာစိန်ခေါ်မှုများ ဖြစ်လာနိုင်ကြောင်း၊ ထရမ့်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည်ဟု စွပ်စွဲခံရနိုင်ခြေရှိကြောင်း လေ့လာသူများက ပြောဆိုကြသည်။
ယမန်နှစ်က မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ပွာတိုရီကိုကဲ့သို့ ဘေးဒဏ်သင့်ဧရိယာများ ပြန်လည်တည်ဆောက်ရေး ရန်ပုံငွေမှ တံတိုင်းတည်ဆောက်ရန် ပြောင်းလဲသုံးစွဲမည့်အစီအစဉ်တစ်ရပ် ထရမ့်တွင်ရှိနိုင်ကြောင်းလည်း အမေရိကန် မီဒီယာများက ဖော်ပြခဲ့သည်။
ဇန်နဝါရီ ၉ ရက်၌ ထရမ့်သည် အိမ်ဖြူတော်တွင် ဒီမိုကရက်ထိပ်တန်းခေါင်းဆောင်များနှင့် တံတိုင်းရန်ပုံငွေအရေး ဆွေးနွေးနေစဉ် အကြောင်းမထူးဟုဆိုကာ ဆွေးနွေးပွဲမှ ရုတ်ခြည်းထွက်ခွာခဲ့သည်။ အောက်လွှတ်တော်ဥက္ကဌဒီမိုကရက် ထိပ်တန်းခေါင်းဆောင် နန်စီပဲလိုစီကသမ္မတထရမ့်သည် အကြပ်အတည်းများ၏ဖန်တီးရှင်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

















