ယီမင် စစ်ရေးပြပွဲတွင် ဗုံးတင် ဒရုန်းယာဉ်ပျံဖြင့် တိုက်ခိုက်ခံရမှုကြောင့် ခြောက်ဦး သေဆုံး

ယီမင် စစ်ရေးပြပွဲတွင် ဗုံးတင် ဒရုန်းယာဉ်ပျံဖြင့် တိုက်ခိုက်ခံရမှုကြောင့် ခြောက်ဦး သေဆုံး

ယီမင်နိုင်ငံတွင် ဇန်နဝါရီ ၁၀ ရက်က အစိုးရတပ်ဖွဲ့များ၏ စစ်ရေးပြပွဲ၌ ဟူသီသူပုန်များက ဗုံးတင် ဒရုန်းယာဉ်ပျံဖြင့် တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

နိုင်ငံတောင်ပိုင်း လာဟက်ဂျ်ပြည်နယ်ရှိ အယ်-အာနတ် လေတပ်အခြေစိုက်စခန်းတွင် စစ်ရေးပြပွဲ ကျင်းပနေစဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဆွီဒင်တွင် ကုလသမဂ္ဂက ကြားဝင်ကာ အပစ်အခတ် ရပ်စဲရေး သဘောတူချက် ရယူပေးထားမှုသည် ယခုတိုက်ခိုက်မှုကြောင့် ပျက်ပြားမည့် အနေအထားဖြစ်နေသည်။ အပစ်အခတ် ရပ်စဲရေးသည် ဟူဒေဒါ ဆိပ်ကမ်းမြို့ဝန်းကျင်အတွက်သာဖြစ်ရာ ဟူသီ သူပုန်များသည် သဘောတူချက်ကို ချိုးဖောက်ခြင်းမရှိသော်လည်း အပစ်အခတ်ရပ်စဲရေးကို မလေးစားသည့် သဘောသက်ရောက်နေကြောင်း နိုင်ငံရေးကျွမ်းကျင်သူများက သုံးသပ်ထားသည်။ ဟူသီ သူပုန်များ အသုံးပြုသော ဒရုန်းများကို အီရန်က လျှို့ဝှက်ထောက်ပံ့ပေးနေခြင်းဖြစ်သည်ဟု အမေရိကန်နှင့် ကုလသမဂ္ဂ ကျွမ်းကျင်သူများက စွပ်စွဲလျက်ရှိပြီး အီရန်ကမူ ငြင်းဆိုထားသည်။

စစ်ရေးပြပွဲတွင် ယီမင် သမ္မတ အဘဒြာဘတ် မန်ဆာ ဟေဒီ၊ အဘူဒါဘီနှင့် ဆော်ဒီ အိမ်ရှေ့မင်းသားတို့လည်း ရှိနေပြီး ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သိရသည်။ ဒဏ်ရာရသူများထဲတွင် ယီမင်စစ်ဘက်ထောက်လှမ်းရေးချုပ် မိုဟမ္မဒ် ဆာလက် တာမက်၊ ဒုတိယ စစ်ဦးစီးချုပ် အယ်လ်-ဇင်ဒါနီ တို့လည်း ပါဝင်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်တွင် ဟူသီ သူပုန်များက မြို့တော်ဆာနာကို သိမ်းပိုက်ချိန်ကစတင်ပြီး ယီမင်၌ ပြည်တွင်းစစ်ဖြစ်ပွားခဲ့ကာ ၂၀၁၅ မတ်လတွင် ဆော်ဒီ ဦးဆောင်သော အာရပ်မဟာမိတ်များက ယီမင် အစိုးရဘက်မှ စစ်ကူပေးမှုကြောင့် ပြည်တွင်းစစ် အရှိန်ပိုမြင့်တက်လာခဲ့သည်။