အရှေ့အလယ်ပိုင်းအရေး အိုဘားမားအစိုးရအမြင်မှားခဲ့ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပွန်ပီယို ပြင်းထန်စွာဝေဖန်

အရှေ့အလယ်ပိုင်းအရေး အိုဘားမားအစိုးရအမြင်မှားခဲ့ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပွန်ပီယို ပြင်းထန်စွာဝေဖန်

ဘားရက်အိုဘားမား ဦးဆောင်သော အစိုးရသည် အရှေ့အလယ်ပိုင်းနှင့်ပတ်သက်၍ အမြင်မှားရှိခဲ့သောကြောင့် ဒေသတွင်း အမေရိကန်၏အခန်းကဏ္ဍမှေးမှိန်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုက ဇန်နဝါရီ ၁၀ ရက်တွင် ဝေဖန်ပြောဆိုခဲ့သည်။

၂၀၁၁ ခုနှစ်တွင် အီဂျစ်အပါအဝင် အရှေ့အလယ်ပိုင်းတွင်ဖြစ်ပွားခဲ့သည့် လူထုအုံကြွမှုများမှတစ်ဆင့်ပေါ်ပေါက်လာသည့် စိန်ခေါ်မှုများနှင့် ကြုံတွေ့ရသည့်အခါ ဘားရက်အိုဘားမားသည် စိုးရိမ်ကြောက်လန့်ခဲ့ပြီး မှန်ကန်စွာတုံ့ပြန်နိုင်ခြင်းမရှိခဲ့ကြောင်း ပွန်ပီယိုက အီဂျစ်နိုင်ငံမြို့တော် ကိုင်ရိုရှိ အမေရိကန်တက္ကသိုလ်၌ ပြောဆိုခဲ့သည်။

အာရပ်နှင့်မွတ်စလင်ကမ္ဘာရှိ နိုင်ငံများနှင့် အမေရိကန်ကြား ဆက်ဆံရေးသည် စာမျက်နှာသစ်စတင်ပြီဖြစ်ကြောင်း အိုဘားမားက ၂၀ဝ၉ ခုနှစ်တွင် ကိုင်ရိုသို့ရောက်ရှိစဉ်ပြောဆိုခဲ့သည်။ သို့သော် အမေရိကန်သည် မဟာမိတ်များက လိုလားသည့်အချိန်တွင် အကြောက်တရားသာရှိခဲ့ပြီး အရှေ့အလယ်ပိုင်းတွင် ပိုမိုပါဝင်ရန် ပျက်ကွက်ခဲ့ကြောင်း ပွန်ပီယိုကပြောဆိုခဲ့သည်။

ပြည်တွင်းနိုင်ငံရေးကိုအသုံးပြုခြင်း၊ သမ္မတဟောင်းတစ်ဦးကို နိုင်ငံတကာတွင် တိုက်ခိုက်ခြင်းနှင့် မဟာမိတ်တစ်ဦးနှင့်ထားရှိသော ဆက်ဆံရေးကိုမေးခွန်းထုတ်ခြင်းတို့ပါဝင်သောကြောင့် ပွန်ပီယို၏မိန့်ခွန်းသည် အံ့သြတုန်လှုပ်စရာကောင်းကြောင်း ပညာရှင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အမေရိကန်သစ်မှ လေ့လာသူ ဟီသာ ဟူးဘတ်ကပြောဆိုခဲ့သည်။ ဒေါ်နယ်ထရမ့်ဦးဆောင်သော အစိုးရသည် ဒေသတွင်းရှိ မဟာမိတ်များကိုလျစ်လျူရှုထားမည်မဟုတ်ကြောင်း ပွန်ပီယိုကပြောဆိုခဲ့သည်။ ပွန်ပီယိုသည် အရှေ့အလယ်ပိုင်း ကိုးနိုင်ငံခရီးစဉ်အတွင်း တတိယမြောက်ခရီးစဉ်အဖြစ် အီဂျစ်သို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ပွန်ပီယို၏ပြောဆိုမှုသည် သေးသိမ်လွန်းပြီး နိုင်ငံရေးအရ အားနည်းနေကာ အာဏာရှိခေါင်းဆောင်များသာ နှစ်သက်လိမ့်မည်ဖြစ်၍ အိုဘားမားအစိုးရက ဝေဖန်ပြောဆိုခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အသိအမှတ်မပြုခဲ့ကြောင်း အိုဘားမားအစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သူများကတုံ့ပြန်ပြောဆိုခဲ့သည်။