ဖြုတ်ချခံဇင်ဘာဘွေသမ္မတဟောင်း ရောဘတ်မူဂါဘီ၏ နေအိမ်မှ ဒေါ်လာ ၁၅၀ဝ၀ဝ ထည့်ထားသည့် လက်ကိုင်အိတ်တစ်လုံးခိုးယူမှုဖြင့် လူသုံးဦးအား ရုံးတင်စစ်ဆေးနေပြီဖြစ်သည်။
ခိုးယူသူအဖြစ် သံသယရှိသူများသည် ခိုးရာပါငွေများကို အိမ်များ၊ ကားများနှင့် တိရစ္ဆာန်များဝယ်ယူရာတွင် အသုံးပြုခဲ့ပြီးဖြစ်သည်။ မူဂါဘီ၏ဆွေမျိုးတစ်ဦးဖြစ်သည့် ကွန်စတန်ရှားမူဂါဘီသည်လည်း ခိုးမှုဖြင့် စွပ်စွဲခံရသူများတွင် ပါဝင်နေသည်။
ကွန်စတန်ရှားသည် မြို့တော် ဟာရာရီနား ဇဗမ်ဘာရှိ မူဂါဘီ၏ကျေးလက်အိမ်ကို တံခါးမရှိဓားမရှိဝင်ရောက်ခွင့်ရနေပြီး ယင်းအိမ်၏သော့များကို အခြားလူများအားပေးအပ်ခဲ့ခြင်းဖြစ်သည်။ ခိုးမှုဖြစ်ပွားချိန်တွင် အခြားသံသယရှိသူများသည် နေအိမ်တွင် သန့်ရှင်းရေးသမားများအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ဒီဇင်ဘာ ၁ ရက်မှ ဇန်နဝါရီအစောပိုင်းတွင် ခိုးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဂျိုဟန်နဲ မာပူရီဆာသည် ခိုးရာပါငွေများဖြင့် တိုယိုကားယာဉ်တစ်စီး၊ ဒေါ်လာ ၂၀ဝ၀ဝ တန်အိမ်တစ်လုံးကိုဝယ်ယူခဲ့ကြောင်း ဥပဒေအရာရှိ တဲဗာရိုင်ရှိ ဇင်ယမ်ဘာက ချင်ဟိုယီတရားရုံး၌ ပြောဆိုခဲ့သည်။ ဆေမော အင်ဟဲတဲကွာသည် ဟွန်ဒါယာဉ်တစ်စီးနှင့် ဝက်၊ကျွဲနွားများကို ဝယ်ယူခဲ့ကြောင်း ဇင်ယမ်ဘာကပြောဆိုခဲ့သည်။ ယခုအချိန်တွင် အသက် ၉၄ နှစ်ရှိပြီဖြစ်သည့် မူဂါဘီသည် ၂၀၁၇ ခုနှစ်တွင် စစ်တပ်၏ဖြုတ်ချခြင်းခံခဲ့ရသည်။
မူဂါဘီသည် အစောပိ်ုင်းတွင် ဝန်ကြီးချုပ်နှင့် နောက်ပိုင်းတွင် သမ္မတအဖြစ် ဇင်ဘာဘွေနိုင်ငံအား ၃၇ နှစ်ကြာ အုပ်ချုပ်ခဲ့သည်။ နိုင်ငံတစ်နိုင်ငံသည် မည်သည့်အခါမျှ ဒေဝါလီခံမည်မဟုတ်ကြောင်း တစ်ချိန်ကပြောဆိုခဲ့ဖူးသည့် မူဂါဘီသည် နိုင်ငံ၏စီးပွားရေးပြိုလဲနေသော်လည်း နိုင်ငံပိ်ုင်ငွေများကို ရေလိုသုံးဖြုန်းကာ သန်းကြွယ်သူဌေးတစ်ဦးကဲ့သို့ နေထိုင်ခဲ့သည်။
ဖြုတ်ချခံရချိန်မှစ၍ မူဂါဘီသည် လမ်းလျှောက်ရာတွင် အခက်အခဲရှိခဲ့ပြီး စင်ကာပူတွင် လပေါင်းများစွာ ဆေးကုသမှုခံယူခဲ့ရသည်။ ခိုးမှုဖြစ်ပွားချိန်တွင် မူဂါဘီ နေအိမ်တွင်ရှိမရှိကို မသိရသေးချေ။ သံသယရှိသူသုံးဦးအား အာမခံဖြင့် ပြန်လွှတ်ပေးထားပြီးဖြစ်သည်။

















