ဆီးရီးယားမြေပေါ်တွင် အီရန် သြဇာခံ နောက်ဆုံးလက်ကျန် မကျန်တော့သည်အထိ မဟာမိတ်များနှင့် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွမ်ပီယိုက ပြောကြားလိုက်သည်။
အီရန်နှင့် မဟာမိတ်များ ဆီးရီးယားမြေမှ ထွက်ခွာသွားမှသာ ဆီးရီးယားသမ္မတ ဘာရှား အာဆတ် ထိန်းချုပ်ထားသော ဧရိယာများတွင် အမေရိကန်က ပြန်လည်ထူထောင်ရေး အကူအညီများ ပေးအပ်သွားမည်ဟု မစ္စတာ ပွမ်ပီယိုက ပြောသည်။ အမေရိကန်သမ္မတဟောင်း ဘားရတ် အိုဘားမား၏ အရှေ့အလယ်ပိုင်း မူဝါဒသည်လည်း အလွန်ကို လွဲမှားသော မူဝါဒဖြစ်သည်ဟု မစ္စတာ ပွမ်ပီယိုက ကိုင်ရိုင်သို့ ရောက်ရှိစဉ် ဝေဖန်ပြောကြားလိုက်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဆီးရီးယားမှ အမေရိကန်တပ်များ ပြန်ရုပ်သိမ်းမည်ဟု ပြီးခဲ့သော သီတင်းပတ်များက ကြေညာထားပြီး အချိန်အတိအကျကိုမူ ထုတ်ပြန်ခြင်း မရှိသေး။ ထိုကြေညာချက်ကြောင့် အမေရိကန်မဟာမိတ်နိုင်ငံများ စိတ်ပျက်ခဲ့ရပြီး ဝေဖန်မှုများ မြင့်တက်ခဲ့ရသည်။
သမ္မတ ထရမ့်၏ ကြေညာချက်ကြောင့် စိတ်ပျက်နေသော မဟာမိတ်များကို နိုင်ငံခြားရေးဝန်ကြီး ပွမ်ပီယိုက နှစ်သိမ့်စည်းရုံးလိုက်ကြောင်းလည်း တွေ့ရသည်။ အမေရိကအနေဖြင့် ဆီးရီးယားမြေတွင် အိုင်အက်စ်၊ အယ်ခိုင်ဒါ စသည့် အကြမ်းဖက်အဖွဲ့များ ရှင်းလင်းသွားသည်အထိ မဟာမိတ်များနှင့် ပူးပေါင်းတိုက်ပွဲဝင်ပြီးမှ တပ်များ ရုပ်သိမ်းမည်ဖြစ်ကြောင်း မစ္စတာ ပွမ်ပီယိုက အာမခံပြောကြားသည်။
အီရန်နှင့် ရုရှားတို့က ဆီးရီးယား အစိုးရဘက်မှ ကူညီလျက်ရှိပြီး အမေရိကန်နှင့် မဟာမိတ်များက အီရန်သည် အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်မှု ပျက်ယွင်းအောင် ဆောင်ရွက်နေသည်ဟု စွပ်စွဲလျက်ရှိသည်။

















